Tuesday, October 28, 2008

ဗုံးကြောင့် သေဆုံးသူမှာ အဖွဲ့ဝင်ဖြစ်ကြောင်း စွမ်းအားမြှင့် ၀န်ခံ


Print E-mail
မုံပီး
အင်္ဂါနေ့၊ အောက်တိုဘာလ 28 2008 17:31 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) ဟုခေါ်သော လျှို့ဝှက် သိပ်သည်းလှသည့် အဖွဲ့က အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသ ရွှေပြည်သာတွင် သေဆုံးသွားခဲ့သူမှာ သူတို့ အဖွဲ့ဝင်ဖြစ်ကြောင်း ၀န်ခံ ကြေညာလိုက်သည်။

ပြည်ပရှိ မြန်မာအတိုက်အခံ အသိုင်းအ၀ိုင်းအကြား ပျံ့နှံ့လျက်ရှိသည့် အီးမေးလ်တွင် ကိုသက်ဦးဝင်းမှာ သူတို့၏ မြေအောက် အဖွဲ့ဝင်တဦး ဖြစ်ကြောင်းနှင့် ရွှေပြည်သာရှိ နေအိမ်တွင် ဗုံးပေါက်ကွဲ သေဆုံးသွားသည့်သူ့အား ဦးညွှတ် ဂုဏ်ပြုပါကြောင်းဖြင့် (VBSW) က ပြောကြားလိုက်ခြင်း ဖြစ်သည်။

သက်ဦးလွင် ခေါ် သန်းလွင်၊ ကိုယ်ပိုင်အမှတ် ၉၉၉၉၅၄ သည် မသေဆုံးမီက ရန်ကုန်မြို့တွင် တာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်းဖြင့် အဆိုပါအဖွဲ့က ပြောဆိုသည်။ သူသည် အဖွဲ့ဝင်များစွာထဲမှ တဦးသာဖြစ်ပြီး စစ်အာဏာရှင်များ၏ အကြမ်းဖက် အုပ်စိုးမှုကို အကြမ်းဖက်နည်းဖြင့် တုံ့ပြန်တိုက်ခိုက်သွားရန် ကတိပြုကြောင်းလည်း ဆိုထားသည်။

`ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုက်ပွဲအသီးသီးမှာ ကျဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုမှတ်တမ်းတင်သလို စစ်အာဏာရှင်များက ပြည်သူအား ဖိနှိပ်နေသမျှ၊ နိုင်ငံရေး လှုပ်ရှားနေသူများအား ဖမ်းဆီး နှိပ်စက်နေသမျှ၊ ၁၉၉၀ ပြည့်နှစ် လွှတ်တော် ကိုယ်စားလှယ်များထံ အာဏာလွှဲပြောင်း မပေးသမျှ ကာလပတ်လုံး မိမိတို့ တိုက်ပွဲဝင်မှုများ မည်သို့မှ ရပ်တန့်သွားမည် မဟုတ်ကြောင်း စစ်အာဏာရှင်များအား သတိပေးလိုက်သည်´ ဟု (VBSW) ၏ ကြေညာချက်တွင် ရေးသားဖော်ပြသည်။

ကိုသက်ဦးဝင်းသည် သံဃာဟောင်းတဦးဖြစ်ကာ ၂၀၀၇ ခုနှစ် တော်လှန်ရေးတွင် ပါဝင် ဆင်နွှဲခဲ့ကြောင်း၊ အထက်တန်းကျောင်းသား ဘ၀ကတည်းက အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု အများအပြားတွင် ပါဝင် ဆင်နွှဲခဲ့ကြောင်းလည်း ပြောဆိုထားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရန်ကုန် ဆင်ခြေဖုံးရှိ ရွှေပြည်သာတွင် လူတဦးသည် ဗုံးတပ်ဆင်နေစဉ် ထိုဗုံးဖြင့်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်မူ သက်ဦးဝင်းမှာ အရက်သမားတဦးဖြစ်ကာ အလုပ်အကိုင်မရှိ အခြေအနေမဲ့ ဖြစ်ကြောင်း၊ ရဟန်းဘောင်သို့ မကြာခဏ ၀င်ခဲ့ဖူးပြီး ယခုအခါ အရပ်သားအဖြစ် နေထိုင်နေကြောင်း ရေးသားထားသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများအပြီးတွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွါသွားခဲ့ကြောင်း ပြောသည်။

VBSW အဖွဲ့ကို ထင်မြင်ချက်ပေးရန်နှင့် အတည်ပြုရန် ဆက်သွယ်ရာ မရရှိဘဲ ယခင်ကလည်း ရန်ကုန်တွင် ဖြစ်ပွါးခဲ့သည့် အလားတူ ပေါက်ကွဲမှုများကို သူတို့ လက်ချက်ဖြစ်ကြောင်း ကြေညာဖူးသည်။

ထိုပေါက်ကွဲမှုများမှာ ဧပြီလက ရန်ကုန်မြို့လယ်ရှိ စားသောက်ဆိုင်တခုအနီး ပေါက်ကွဲခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဇူလိုင်လအတွင်း ရွှေပြည်သာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးအတွင်း ပေါက်ကွဲခဲ့သော ဗုံးပေါက်ကွဲမှုတို့ ပါဝင်သည်။

ထိုအတောအတွင်း ပန်းဘဲတန်း ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးကို သောကြာနေ့က ဖုံးခေါ်ပြီး ခြိမ်းခြောက် ပြောဆိုခဲ့သူ တင်မြင့် ဆိုသူကိုလည်း ရဲက ဖမ်းဆီးခဲ့ကြောင်းဖြင့် အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖေါ်ပြသည်။

အဆိုပါ ကိုတင်မြင့်က ပန်းဘဲတန်းကြံ့ဖွံ့ရုံးနှင့် ရဲစခန်းတို့ကို ဖေါက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

ယခုအခါ စစ်အစိုးရ အုပ်စိုးနေသော မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများမှာ အရင်ထက်ပို၍ ဖြစ်ပေါ်နေပြီး၊ စက်တင်ဘာလအတွင်း ဗုံး ၄ ကြိမ် ပေါက်ကွဲခဲ့သည်။

No comments: