Thursday, October 2, 2008

NLD မန္တလေးအမတ် ဦးအုန်းကြိုင် ဖမ်းဆီးခံရ


Print E-mail
နန်းဒေဝီ
ကြာသပတေးနေ့၊ အောက်တိုဘာလ 02 2008 14:47 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မန္တလေးတိုင်း အရှေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်အား ယမန်နေ့ည သန်းခေါင်ချိန်တွင် အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးသွားသည်။ အသက် ၆၃ နှစ်အရွယ် ဦးအုန်းကြိုင်အား လက်ရှိနေထိုင်သည့် ရန်ကုန်တိုင်း တောင်ဥက္ကလာပရှိ နေအိမ်သို့ ယမန်နေ့ ည ၁ဝ နာရီခန့်တွင် အာဏာပိုင်များက စတင်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ည ၁၂ နာရီကျော်တွင် ခေါ်ဆောင်သွားခြင်းဖြစ်သည်။

"မနေ့က သူ့အိမ်ကို အာဏာပိုင်တွေ ည ၁ဝ နာရီမှာ လာသွားတယ်။ စာရွက်စာတမ်းတွေ သိမ်းသွားတယ်။ ည ၁၂ နဲ့ ၁ နာရီလောက်မှာ အိမ်ကနေ ခေါ်သွားတယ်။ သူနေတဲ့ တောင်ဥက္ကလာ နေအိမ်ကို ရှာသွားတယ်" ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။ ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး အသေးစိတ်ကိုမူ သိရှိနိုင်ခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

သူက "ဘာကြောင့် ခေါ်သွားတယ်ဆိုတာ မသိရသေးဘူး။ ထုံးစံအတိုင်းပဲ၊ ခေါ်သွားရင် ဘယ်တော့မှ မသိရဘူး။ သူတို့ကလည်း ဘယ်တော့မှ မှန်မှန်ကန်ကန် မပြောတတ်ဘူး။ အထင်တော့ မပြောချင်ဘူး။ မှားသွားလို့ရှိရင် တယောက်အတွက် နစ်နာသွားလိမ့်မယ်။ လက်ရှိ ဘယ်မှာ ထိမ်းသိမ်းထားတယ် ဆိုတာလည်း မသိရသေးဘူး။ မိသားစုဝင်တွေကလည်း မသိတော့ ကျနော်တို့လည်း မပြောပြတတ်သေးဘူး" ဟု ပြောသည်။

သတင်းထောက်ဟောင်း ဦးအုန်းကြိုင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သူဖြစ်ကာ ၁၉၉ဝ ခုနှစ် စက်တင်ဘာလတွင် အာဏာပိုင်များက ဒနိုင်ငံတော် အကြည်ညိုပျက်စေရန် ရေးသားဖြန့်ဝေမှုနှင့် နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု စွပ်စွဲခဲ့ကာ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ပေးခဲ့သည်။

သူသည် ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပဲခူးတိုင်း တောင်ငူထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ အန်အယ်ဒီ ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ ဦးအုန်းကြိုင်သည် ပါတီ၏ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း
ဖြစ်သည်။

မဇ္ဈိမသတင်းဌာနမှ

No comments: