ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင် တက်ရောက်နေသည့် ဆေးကျောင်းသားများ ကျောင်းမပြီး ခင် ကျောင်းမှထွက်သည့်နှုန်း များလာနေကြောင်း အဆိုပါကျောင်းမှ ကျောင်းသူ ကျောင်းသားများက ပြောသည်။
ကျောင်းသူတဦးက “ကျောင်းပြီးသွားရင်တောင် ဆရာဝန်လုပ်ခွင့်ရဖို့ အခက်အခဲတွေ အများကြီးရှိနေတာ သိလာရတယ်။ နောက် ကျောင်းက သင်ကြားရေးစနစ်ကလည်း မကောင်းဘူး၊ ဒီတော့ အပြင်ထွက်ပြီး နိုင်ငံခြား တက္ကသိုလ်တခုခုမှာ ကျောင်းသွားတက် နိုင်ရေးပဲ ကြိုးစားလာတဲ့ လူတွေ များလာတယ်” ဟု ပြောသည်။
အဆိုပါ ကျောင်းသူက “ကျောင်းတကျောင်းလုံးအနေနဲ့ ကျောင်းမပြီး၊ ဘွဲ့မရဘဲ ကျောင်းမှ ထွက်ခွာသူ ဦးရေ ဘယ်လောက်များတယ်ဆိုတာ အတိအကျ မသိပေမယ့် ၎င်းနဲ့ နီးစပ်သူ တနှစ်တည်း သူငယ်ချင်းကတော့ (၆) ယောက် ရှိတယ်” ဟု ပြောသည်။
အဆိုပါကိစ္စ ရန်ကုန်ဆေးရုံကြီးမှ အရိုးအထူးကု ဆရာဝန်ကြီးတဦးကို မေးမြန်းကြည့်ရာ ဘွဲ့မရခင် ကျောင်းထွက်မှုနှုန်းများလာခြင်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။
ပုံမှန်စနစ်အရ ဆေးတက္ကသိုလ်များမှ ကျောင်းပြီး၍ ဘွဲ့ရသွားသည့် ဆရာဝန်လောင်းများအနေဖြင့် အလုပ်သင်ဆရာဝန်အဖြစ် (၁) နှစ် လုပ်ကိုင်ရကြောင်း၊ ပြီးမှ အလုပ်လျှောက်ထားရပြီး ဆေးကုသခွင့်လိုင်စင် ရကြကြောင်း အဆိုပါ အထူးကုဆရာဝန်ကြီးက ပြောပြသည်။
၎င်းကဆက်ပြောရာတွင် “လက်ရှိ အခြေအနေကြည့်ရင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက် ကုသရေး၊ သင်ကြားရေးနဲ့ ရုံးလုပ်ငန်းတွေမှာတောင် ဆရာဝန်တွေကို အလုပ်ခန့်နိုင်ခြင်း မရှိဘူး။ ဆရာဝန်လောင်းပေါင်းများစွာ အလုပ်ရဖို့ စောင့်ဆိုင်းနေရတယ်။ ဒီ ဆရာဝန်တွေဟာ အလုပ်သင်လည်း ဆက်လုပ်ခွင့် မရှိ၊ ဆရာဝန်အဖြစ်လည်း အလုပ်ခန့်မှု မရှိ၊ ဆေးကုသခွင့် လိုင်စင်လည်း မရှိတဲ့အတွက် ဒီအတိုင်း ထိုင်စောင့်နေရတဲ့ သဘောဖြစ်တယ်။ လောလောဆယ် ၂ဝဝ၆ ခုနှစ်မှာ ကျောင်းပြီးတဲ့ ဆရာဝန်တောင် ခုမှ အလုပ်လျှောက်နေရတယ်။ ဒီအခြေအနေကို သိနေ၊ မြင်နေတဲ့ ဆေးကျောင်းသား၊ ကျောင်းသူတွေဟာ အတန်းမပြီးခင် ကျောင်းက ထွက်တာ များလာတဲ့သဘောပါပဲ” ဟု ရှင်းပြသည်။
ရန်ကုန်မြို့မှ နိုင်ငံခြားပညာရေး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ တဦးကလည်း ယခုနောက်ပိုင်း နိုင်ငံခြားတက္ကသိုလ်တက်ခွင့်ရရန် ကြိုးစားလာကြသူများထဲတွင် ဆေးကျောင်း တပိုင်းတစ တက်ခဲ့သူများ၊ အင်ဂျင်နီယာကျောင်း တပိုင်းတစ တက်ခဲ့သူ များကြောင်း ပြောပြသည်။
ယခုလက်ရှိ ဆေးတက္ကသိုလ် သင်ကြားရေးနှင့် ပတ်သက်၍ အဆိုပါ အထူးကုဆရာဝန်ကြီးက ဆက်လက်ရှင်းပြရာတွင် သင်ကြားမှုများ ညံ့ဖျင်းလာကြောင်း၊ တက္ကသိုလ်တက်နေသည့် ဆေးကျောင်းသားများမှာ ကျောင်းတက်ရုံမက စာမေးပွဲအောင်ရန်အတွက် ကိုယ့်ကိုသင်သည့် ပါမောက္ခများထံတွင် မဖြစ်မနေ ကျူရှင်ယူရကြောင်း၊ ထို့အပြင် စာတတ်မြောက်လိုသူများ အတွက်ကတော့ အခြား နီးစပ်ရာ အထူးကုဆရာဝန်ကြီးများထံ သင်ကြားရသည်ဟု ဆိုသည်။
အဆိုပါအခြေအနေများသည် ရန်ကုန်ဆေးတက္ကသိုလ်များတွင် ကြုံတွေ့နေရသည့် အခြေအနေများဖြစ်သည်။ မကွေးဆေးတက္ကသိုလ်မှာ တက်ရောက်သင်ယူနေကြသည့် ကျောင်းသူကျောင်းသားများအတွက် သင်ကြားရေးနှင့် လက်တွေ့ကွင်းဆင်းရေး အခြေအနေမှာ ပို၍ဆိုးနေသည်ဟု စုံစမ်းသိရသည်။
ထို့ကြောင့် နောက်ပိုင်း ဆေးတက္ကသိုလ်များမှ အောင်သည့် ဆရာဝန်ငယ်များမှာ အစောပိုင်း ဆရာဝန်များနှင့် နှိုင်းယှဉ်လျှင် အရည်အချင်း လျော့ကျလာကြောင်း အရိုးအထူးကု ဆရာဝန်ကြီးက ဝေဖန်ပြောဆိုသည်။
No comments:
Post a Comment