Tuesday, November 18, 2008

အမေရိကန်ကျောက်မျက်ဥပဒေကြောင့် ကျောက်ကုန်သည်ကြီးများပါ ထိခိုက်နိုင်

ကိုဝိုင်း/ ၁၈ နိုဝင်ဘာ ၂၀၀၈

မြန်မာကျောက်မျက်ရတနာများကို ပိတ်ဆို့အရေးယူသော အမေရိကန်အစိုးရ၏ နည်းလမ်းသည် ရည်ရွယ်ထားသည့်အတိုင်း ထိရောက်မှုမရှိကြောင်း ဘန်ကောက်ကျောက်မျက်ရတနာပြပွဲများဆိုင်ရာ အုပ်ချုပ်ရေးမှူး Somchai Phorchindarak က Financial Times သတင်းစာသို့ ပြောသည်။

အဆိုပါ ပိတ်ဆို့မှုကြောင့် ကျောက်တူးဖော်သူ၊ ကျောက်ကောက်သူနှင့် ကျောက်သွေးသမားများကိုသာ ထိခိုက်စေပြီး လက်ကြီး သမား ကျောက်ကုန်သည်များကို ထိခိုက်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

အောက်ခြေအလုပ်သမားများသာ ထိခိုက်သည်ဟု မစ္စတာ Somchai ပြောကြားချက် မည်မျှမှန်ကန်မှုရှိသည်ကို သိရှိနိုင်ရန် ကျောက်ကုန်သည်ပွဲစားများနှင့်နီးစပ်သူ တရုတ်-မြန်မာနယ်စပ်အခြေစိုက် ကချင်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်တာဝန်ခံ ဦးအောင်ဝါကို ခေတ်ပြိုင်ကမေးခဲ့ရာ ပထမအဆင့်အနေဖြင့် အောက်ခြေအလုပ်သမားများကို ထိခိုက်သည်မှာ မှန်ကန်သော်လည်း ရေရှည်တွင် ကုန်သည်ကြီးများလည်း ထိခိုက်လာမည်ဟု ကျောက်စိမ်းဈေးကွက်ကို ဥပမာပေး၍ ၎င်းကပြောသည်။

ဦးအောင်ဝါက “ပထမအဆင့်မှာတော့ grassroots မှာလုပ်စားနေတဲ့ ပွဲစားတို့၊ ကျောက်သွေးတာတို့၊ ကျောက်ကောက်တဲ့ လက်လုပ်လက်စားတွေ ထိပါတယ်။ ဒါပေမယ့် ရေရှည်မှာကျတော့ ကုန်သည်တွေရော ထိလာမှာပါ။ အခုတောင်မှ လက်ကြီးသမားလောက်ပဲကျန်တော့တယ်။ ကျောက်စိမ်းဆိုတာလည်း တချို့တလေကျမှ ကျောက်အကောင်းတွေ ထွက်တယ်လေ။ ရေရှည်ကျရင် ကုန်ကျစရိတ်က များလာမယ်။ ကျောက်အရောင်းအ၀ယ်တွေပါးလာမယ်။ တရုတ်ပြည်မှာလည်း ကျောက်ကောင်းတဲ့ဟာတွေ လောက်ပဲဝယ်နေတယ်” ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ကျောက်ကုမ္ပဏီများသည် မြန်မာမူးယစ်ရာဇာများနှင့် ဆက်စပ်မှုများရှိနေသဖြင့် အမေရိကန်က အဆိုပါ မူးယစ်ရာဇာများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်မှုများ မကြာသေးမီက ပြုလုပ်ခဲ့ခြင်းသည်လည်း ကျောက်လုပ်ငန်းကို တစုံတရာ ရိုက်ခတ်မည်ဖြစ်ကြောင်း ဦးအောင်ဝါက ထောက်ပြသည်။

၎င်းက “အခု ကျောက်လုပ်နေတဲ့ ကုမ္ပဏီကြီးတွေကလည်း မူးယစ်ရာဇာတွေ၊ စစ်အုပ်စုတွေနဲ့ ဆက်နွှယ်နေတာတွေရှိတယ်။ ဆို တော့ ထိမှာပါ။ ကျောက်မျက်တွေဟာ ရန်ကုန် အရောင်းပြခန်းကနေတဆင့် သွားတာရှိတယ်။ တိုက်ရိုက်သွားတာရှိတယ်။ ဒီဟာ တွေက မူးယစ်ဆေးကရတဲ့ ငွေအရင်းအနှီးတွေကို သုံးတာတွေလည်းရှိတယ်။ မူးယစ်ရာဇာတွေကိုလည်း ငွေပိတ်တယ်ဆိုတော့ တဖြည်းဖြည်းထိလာမှာပါ” ဟု ပြောသည်။

ထို့အပြင် “အခုက ချက်ချင်းတော့ ထိဖို့ခက်တာပေါ့။ ဖားကန့်ဘက်မှာလည်း ကျောက်လုပ်ငန်း နည်းလာပြီ။ တရုတ်ဘက်လည်း နည်းလာပြီ။ ရွှေလုပ်ငန်းပိုင်ရှင်တွေ၊ သစ်လုပ်ငန်းပိုင်ရှင်တွေ၊ ကျောက်မျက်တင်မကဘူး တခြား သတ္တုမိုင်းလုပ်ငန်းကုမ္ပဏီတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းပိုင်ရှင်တွေ ဒါတွေက ဆက်စပ်ပြီးမှ ဖြစ်နေတာကိုး။ အနောက်နိုင်ငံက ပိတ်တဲ့အတွက် ငွေတွေက တဖြည်းဖြည်းနဲ့ ခက်လာမယ် ထင်တယ်လေ။ အခု သစ်တွေလည်း လုပ်ငန်းတွေ လျော့လာတယ်။ ဘာလို့လည်းဆိုတော့ သစ်လုပ်ငန်းသူဌေးတွေက ကျောက်တွေဝယ်ပြီးမှ သိမ်းထားတာတွေ ရှိတယ်လေ။ ကျောက်စိမ်းတွေ၊ ပတ္တမြားတွေ ဆက်စပ်နေတယ် အကုန်လုံးက” ဟု ဦးအောင်ဝါက ဆက်ပြောသည်။

အမေရိကန်သို့ မြန်မာ့ကျောက်မျက်တင်သွင်းမှုကို ပိတ်ပင်ရေးဥပဒေ အသက်ဝင်လာစေရန် ယခုနှစ် ဇူလိုင် (၃၀) တွင် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်က လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင် များနှင့် လက်အောက်အရာရှိများပိုင်ဆိုင် (သို့) ထိန်းချုပ်ထားသော ကျောက်မျက်ကုမ္ပဏီများအပါအ၀င် ကုမ္ပဏီ (၁၀) ခုကို ဘဏ္ဍာရေးအရ ပိတ်ဆို့မှုပြုလုပ်ခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသော ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ကို မူးယစ်ဆေးအဖွဲ့အဖြစ် အမေရိကန် သတ်မှတ်ပြီး ၎င်းအဖွဲ့မှ ထိပ်တန်းတပ်မှူးဖြစ်သည့် ဝေရှောက်ခန်၊ ၎င်း၏ညီများဖြစ်သော ဝေရှောက်လုံ၊ ဝေရှောက်ယင်နှင့် စစ်ဦးစီးချုပ်ပေါက်ယိုချန်၊ ဟော်ချွင်းထင်၊ ဆစ်ကော်နန်တို့အပါအ၀င် ၎င်းတို့နှင့် စီးပွားရေးအရ၊ ငွေကြေးအရ အဆက်အစပ်ရှိ သော လူပုဂ္ဂိုလ် (၂၀) ကျော်နှင့် ကုမ္ပဏီ (၁၇) ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်မည်ဖြစ်ကြောင်း ယခုလ (၁၃) ရက်က ထုတ်ပြန် ခဲ့သည်။

No comments: