Wednesday, November 19, 2008

အိုင်ဗင်ဟိုးလုပ်ငန်းများ နောက်လတွင် ပြန်စဖွယ်ရှိ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 18:24 - မြန်မာစံတော်ချိန်


မုံရွာ (မဇ္ဈိမ) ။ ။ မုံရွာမြို့တွင် ကြေးနီတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာ အိုင်ဗင်ဟိုးအနေဖြင့် လအနည်းငယ် အလုပ်ရပ်ဆိုင်းထားရာမှ လာမည့်လတွင် ပြန်လည် စတင်နိုင်ဖွယ်ရှိသည်ဟု ကုမ္ပဏီ သတင်းရပ်ကွက်က ပြောသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့အနီးရှိ ကြေးစင်တောင်နှင့် စံပယ်တောင်တို့တွင် အမှတ် ၁ သတ္ထုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်နေသော မြန်မာအိုင်ဗင်ဟိုးသည် ဖောက်ခွဲရေးလုပ်ငန်းသုံး ယမ်းနှင့် ဓာတ်တုပစ္စည်းအချို့ မလုံလောက်သဖြင့် သြဂုတ်လကတည်းက လုပ်ငန်းများ ရပ်ဆိုင်းထားရာမှ လာမည့်လတွင် ပြန်လည်၍ လုပ်ငန်းများ စတင်ရန် ပြောဆိုခြင်း ဖြစ်သည်။

"ယမ်းတွေက အလုံလောက် မရှိတော့လို့၊ နောက် သန့်စင်ဖို့သုံးတဲ့ ဓာတုပစ္စည်းတွေက မလုံလောက်တော့လို့ ခဏ ရပ်ထားတာပါ။ ၅ လ နားထားပါတယ်။ အခု မှာထားတာတွေ ရလာပြီဆိုတော့ ပြန်စတော့မှာပါ။ ဒီဇင်ဘာလအတွင်း ပြန်စဖို့ မှန်းထားပါတယ်" ဟု မြန်မာအိုင်ဗင်ဟိုးမှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

လုပ်ငန်းများ ရပ်နားထားချိန်တွင် ကြေးနီတူးဖော်ရေး လုပ်ကွက်မှ ၀န်ထမ်းများကို လစာငွေအဖြစ် ၅ လစာပေးကာ အလုပ်နားစေခဲ့သည်။

ကြေးနီ အများအပြား ထွက်ရှိရာ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် ကြေးနီတူးဖော်ရေး လုပ်ငန်းများကို ၁၉၉၂ ခုနှစ်ကတည်းက လုပ်ကိုင်နေခြင်း ဖြစ်သည်။

(ပြည်တွင်းမှ မဇ္ဈိမ သတင်းထောက်မှ ပေးပို့၍ ဇာနည် ဖြည့်စွက်ရေးသားသည်။)

No comments: