ကိုသက် | နိုဝင်ဘာ ၁၇၊ ၂၀၀၈
နိုင်ငံရေးအမှုလိုက်ရှေ့နေကြီးများဖြစ်ကြသည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိတို့ကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်က ရန်ကုန်မြို့ရှိ အင်းစိန်ထောင်မှ ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်သည်ဟု နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောသည်။
ဦးခင်မောင်ရှိန် (ဓာတ်ပုံ - အေအေပီပီ) | ဦးအောင်သိန်း (ဓာတ်ပုံ - အေအေပီပီ) |
ရှေ့နေကြီး ဦးအောင်သိန်းကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်ပြီး ရှေ့နေကြီး ဦးခင်မောင်ရှိန်အား မြောင်းမြထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု အေအေပီပီက ပြောသည်။
အေအေပီပီအဖွဲ့၏အတွင်းရေးမှူး ဦးတိတ်နိုင်က “သူတို့ကို ၄ လပဲ အမိန့်ချထားတာ၊ မကြာခင်မှာ ပြန်လွတ်လာမယ့်လူတွေ ဖြစ်ပါတယ်။ အဲဒီလို မကြာခင်မှာပြန်လွတ်လာမယ့်လူတွေကို ထောင်ပြောင်းတယ်ဆိုတာကတော့ ဒီရှေ့နေကြီးတွေနဲ့ သူတို့ရဲ့မိသားစုတွေကို ဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
“နောက်တချက်ကတော့ နိုင်ငံတကာအသိုင်းအဝန်းရဲ့မျက်စိအောက်မှာရှိနေတဲ့ အင်းစိန်ထောင်လိုနေရာမျိုးမှာ မထားချင်လို့ ပြောင်းရွှေ့လိုက်တာလည်း ဖြစ်ပါတယ်” ဟုလည်း ဦးတိတ်နိုင်က ဆက်ပြောသည်။
အဆိုပါရှေ့နေကြီး ၂ ဦးသည် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင်များ၊ လူရွှင်တော် ဇာဂနာ၊ အန်အယ်လ်ဒီပါတီဝင် မစုစုနွေး၊ အရှင်ဂမ္ဘီရ အစရှိသော နိုင်ငံရေးလှုပ်ရှားသူ များ၏အမှုများကို လိုက်ပါဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည်။
၎င်းရှေ့နေကြီး ၂ ဦးအား ယခုလ ၇ ရက်နေ့က တရားရုံးတော်ကို မထီမဲ့မြင်ပြုသည်ဟူသော စွပ်စွဲချက်ဖြင့် ရှန်ကုန်ရှိ ဗဟို တရားရုံးချုပ် ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့ပြီး ထိုနေ့ည ၁၀ နာရီခန့်တွင် အာဏာပိုင်တို့က နေအိမ်အသီးသီး၌ ဖမ်းဆီး ခဲ့သည်။
သက်ဆိုင်ရာက နေအိမ်သို့လာရောက်မဖမ်းမီ ရှေ့နေကြီး ဦးအောင်သိန်းက “နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေး ရမလားဆိုပြီး အာဃာတထားတဲ့သဘောတော့ သက်ရောက်တာပေါ့။ ဓမ္မနဲ့ အဓမ္မကတော့ ဒီလိုပါပဲဗျာ … လောလောဆယ် အဓမ္မက နိုင်နေတယ်၊ တချိန်မှာတော့ ဓမ္မ နိုင်ရမှာပေါ့ဗျာ” ဟု ဧရာဝတီကို ပြောဆိုခဲ့သည်။
ယမန်နေ့နံနက် အာရုံတက်ချိန်က ကိုမင်းကိုနိုင်အပါအဝင် ထင်ရှားသည့်ကျောင်းသားခေါင်းဆောင်များကို ဝေးလံသီခေါင် သည့် နယ်စပ်ဒေသများရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်ပြီး မစုစုနွေးအား မန္တလေးထောင်သို့ ပြောင်းရွှေ့လိုက် သည်။
No comments:
Post a Comment