Thursday, November 13, 2008

ရတနာပုံ ဆိုက်ဘာစီးတီး ပြပွဲသို့ သွားဖို့အရေး ကွန်ပြူတာလုပ်ငန်းရှင်များ ၀န်လေး

သဲသဲ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 13 2008 23:36 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကုန်ကျစရိတ်များပြီး အကျိုးအမြတ်ရရန် မသေချာသဖြင့် ရတနာပုံ ဆိုက်ဘာစီးတီး နည်းပညာပြပွဲသို့ သွားရောက်ပြသရန်အတွက် ကွန်ပြူတာ လုပ်ငန်းရှင်များမှ ၀န်လေးနေသည်။

လာမည့် ဒီဇင်ဘာလအတွင်း စစ်အစိုးရ ဆက်သွယ်ရေး ၀န်ကြီးဌာနက ခေါ်ယူကျင်းပမည့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့အနီးရှိ ရတနာပုံ ဆိုက်ဘာစီးတီးရှိ နည်းပညာပြပွဲသို့ ကုန်ကျစရိတ်များပြီး အကျိုးအမြတ်အတွက် မသေချာသဖြင့် သွားရောက်ရန် အခက်တွေ့နေကြောင်း ကွန်ပြူတာ လုပ်ငန်းရှင်များက ပြောဆိုခြင်းဖြစ်သည်။

“ဆိုင်ခန်းယူပြီး ပြပေးရမယ်လို့ ဆက်သွယ်ရေးဌာနက ပြောလို့သာ သွားခဲ့တာပါ။ ငွေကြေး အမြတ်အစွန်းကို မကြည့်ဘဲ လုပ်ခဲ့ရတာ။ ရန်ကုန်ပွဲတွေလောက် လူမလာဘူးလေ” ဟု ရန်ကုန်နှင့် မန္တလေးမြို့တွင် ဆိုင်ဖွင့်လှစ်ရောင်းချနေသည့် ကွန်ပြူတာ ဆက်စပ်ပစ္စည်းဆိုင်မှ ဈေးကွက် မန်နေဂျာတဦးက သူတို့ အခက်အခဲကို မဇ္ဈိမကို ပြောပြသည်။

ယခင်နှစ်က ကုန်ကျစရိတ် ကြီးမားပြီး လာရောက်ကြည့်ရှုသူ နည်းပါးခဲ့သဖြင့် အကျိုးအမြတ်ရရန် မသေချာကြောင်း သိထားသလို၊ ယခုနှစ်တွင်လည်း မဖြစ်မနေ ပါဝင်ပြသရမည်ဟု ပွဲစီစဉ်သူ အာဏာပိုင်များက တိုက်တွန်းထားပြန်သည့်အတွက် ၀င်ရောက်ပြသရကြောင်း သူက ဆက်ပြောသည်။

ပြပွဲကြီးတွင် ပါဝင်ပြသကြမည့် လုပ်ငန်းရှင် အများအပြားမှာ မိမိတို့၏ စီးပွားရေး အခွင့်အလမ်းများ ထိခိုက်နစ်နာမှု ရှိမည်ကို စိုးရိမ်သဖြင့် သွားရောက်ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် ကွန်ပျူတာ လုပ်ငန်းရှင်တဦးကလည်း ပြောသည်။

“ခရီးက ထောက်တယ်။ ဟိုမှာ ၀န်ထမ်းတွေ စားဖို့၊ နေဖို့ ဒါတွေ ရှိသေးတယ်။ သူတို့နဲ့က (စစ်အစိုးရ) စီးပွားရေးအရရော အကုန်ဆက်နွယ်နေတော့ သူတို့ခိုင်းတယ်ဆို သွားကြရတာပေါ့ဗျာ” ဟု သူက ပြောသည်။

ပြီးခဲ့သည့်နှစ်က ပြပွဲသို့ သွားရောက်ပြသခဲ့သည့် ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ ကွန်ပြူတာ အစိတ်အပိုင်း ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်တဦးကလည်း ယခုလို ဝေးလံသည့်နေရာတွင် တကူးတက သွားရောက် ပြသရသည့်အတွက် ကုန်ကျစရိတ် ပိုများပြီိး လာရောက် ကြည့်ရှုသူ နည်းပါးသည့်အတွက် ယခုနှစ်အတွက် ဆိုင်ခန်းယူရန် ဆန္ဒပင် မရှိကြောင်း ယခုလို ပြောသည်။

“လာကြည့်မယ့်သူအတွက်က ခရီးကလည်း တကူးတကဆိုတော့ နည်းတယ်။ ကျနော်တို့ ကုမ္ပဏီဆိုရင် မကိုက်ပါဘူး။ အိပ်စိုက်ရတာပါ။ ဒီနှစ်တော့ သွားဖို့က ဖီလင်မလာဘူး” ဟု သူက ဆိုသည်။

ပြပွဲကို လာမည့်ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စတင်ကာ ရက်သတ္တ ၂ ပတ်ကြာ ကျင်းပရန် စီစဉ်ထားပြီး ဆိုင်ခန်းပေါင်း မည်ရွေ့မည်မျှ ပါဝင်မည်ကို သူတို့က အတိအကျ မသိကြပါ။

ကွန်ပြူတာပညာရှင်အသင်း တာဝန်ခံတဦးကမူ ဆိုင်ခန်းတခန်းလျှင် မြန်မာကျပ်ငွေ ၂ သိန်းခွဲဖြင့် ငှားရမ်းရမည်ဖြစ်ပြီး ပါဝင်ပြသမည့် ကုမ္ပဏီများမှ စပေါ်ငွေအဖြစ် ကျပ်ငွေ တသိန်းကို ပေးသွင်းနိုင်ပြီဟု ပြောသည်။

သူက “ကျမတို့ဆီမှာ စပေါ်သွင်းလို့ ရပါပြီ။ ဆိုင်ခန်းက ၆၀ နီးပါးလောက်တော့ ရှိမယ်” ဟု ခန့်မှန်းပြောဆိုသည်။

မန္တလေးတိုင်း ပြင်ဦးလွင် (မေမြို့) အနီးတွင် ရတနာပုံ ဆိုက်ဘာစီးတီး ခေါ် ဆက်သွယ်ရေးနှင့် နည်းပညာမြို့တော်ကို မြန်မာစစ်အစိုးရက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ရတနာပုံမြို့သစ် ဖွင့်လှစ်စက ပြည်တွင်းပြည်ပမှ ကုမ္ပဏီပေါင်း ၁၁၅ ခုက ခေတ်မီအဆင့်မြင့် အိုင်တီပစ္စည်းများ၊ ကွန်ပြူတာ ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ခင်းကျင်းပြသခဲ့သည်။

ထို့အပြင် ရတနာပုံ ဆိုက်ဘာစီးတီးအတွက် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဖိုင်ဗာလိုင်းဖြင့် အင်တာနက် ချိတ်သွယ်ယူရန် စီစဉ်ထားပြီး တရုတ်ပြည်နှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းမှာ ပြီးစီးသွားသဖြင့် အသုံးပြုခဲ့သည်။ လုပ်ငန်း လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် လျှပ်စစ်မီးကို ရွှေလီ ရေအားလျှပ်စစ်မှ ထုတ်ယူခဲ့သည်။

ထိုင်းနိုင်ငံမှ SHIN Satellite ၊ တရုတ်မှ ZTE ၊ Alcatel Shanghai Bell ၊ မလေးရှားမှာ IP Tel နှင့် ရုရှားနိုင်ငံမှ CBOSS အစရှိသည့် ကုမ္ပဏီများက လာရောက်ကာ ရင်းနှီးမြုပ်နှံမည်ဟု စီစဉ်ခဲ့သော်လည်း ယခုအခါ မည်သို့ အခြေအနေ ရှိနေသည်ကို မသိရှိသေးပါ။

အဆိုပါ မြို့တော်သစ်ဖွင့်ပွဲနှင့် ခင်းကျင်းပြသခဲ့သည့် ပြပွဲအပြီး ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ် ဖြစ်သည်။

1 comment:

Thaw De Zin said...

ပြပွဲက ၂၀၁၀ တုန်းကပဲ လုပ်သွားတယ်
နောက်ပိုင်း မလုပ်တော့ဘူး