Friday, November 21, 2008

ကိုပြည့်ဖြိုးလှိုင်တို့အား နယ်အကျဉ်းထောင်များသို့ ပြောင်းရွှေ့

ဖြိုးကြီး။ နိုဝင်ဘာ ၂၂၊ ၂၀၀၈

ယခုလ (၁၁) ရက်နေ့က ထောင်တွင်းတရားရုံးတွင် ထောင်ဒဏ်များ ချမှတ်ခံလိုက်ရသည့် ကျောင်းသားလူငယ်အချို့ကို နယ်အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်သည်။

ယမန်နေ့က ကိုပြည့်ဖြိုးလှိုင်အပါအဝင် (၇) ဦးတို့အား မိသားစုနှင့်ဝေးလံသည့် အကျဉ်းထောင် များသို့ ပို့ဆောင်လိုက်သည်။

ကိုပြည့်ဖြိုးလှိုင် ရခိုင်ပြည်နယ်(ဘူးသီးတောင်)၊ ကိုမြတ်လင်းထွဋ် ရှမ်းပြည်နယ်မြောက်ပိုင်း (လားရှိုး)၊ ကိုပြည့်ဖြိုးအောင် ကရင်ပြည်နယ်(ဘားအံ)၊ ကိုနေလင်းအောင် စစ်ကိုင်းတိုင်း (ကလေး)၊ ကိုသီဟအောင် ကယားပြည်နယ်(လွိုင်ကော်)၊ ကိုဖြိုးမောင်မောင်စိုး ရခိုင်ပြည်နယ် (ကျောက်ဖြူ) နှင့် ကိုအောင်မျိုးပိုင် တနင်္သာရီတိုင်း (ကော့သောင်း) ထောင်များသို့ အသီးသီး ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

“သီဟသက်ဇင်နဲ့ သိန်းဇော်တို့ကိုတော့ ထောင်ဒဏ်တွေ ထပ်တိုးထားတယ်၊ သူတို့ကိုတော့ လောလောဆယ် အင်းစိန်ထောင်ထဲမှာပဲ ထားသေးတယ်”ဟု ကိုပြည့်ဖြိုးလှိုင်၏ မိခင်က ပြောသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)မှ ကိုအောင်ဇော်ဦး (ပဲခူး)၊ ကိုမောင်ကံ (တောင်ကြီး)၊ ကိုကျော်စိုး (မြင်းခြံ)၊ ကိုအောင်မြင့် (မြောင်းမြ) ထောင်များသို့ အသီးသီး ပို့ဆောင်လိုက်ပြီး ကိုအောင်ဇော်ဦးအား ယမန်နေ့က အမှုများထပ်စစ်ရန်ရှိသဖြင့် အင်းစိန်သို့ ပြန်ခေါ်ထားသည်။

ထို့အပြင် တောင်ငူထောင်သို့ ပို့ဆောင်ထားသည့် ကိုဝင်းမော်အား အမှုများထပ်မံစစ်ဆေးရန် အတွက် အင်းစိန်ထောင်သို့ ပြန်ခေါ်ထားပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ်အနှစ် (၆၀) ထပ်တိုးလိုက်သဖြင့် စုစုပေါင်း (၁၂၄) နှစ်ဖြစ်သွားကြောင်း သိရသည်။


No comments: