Thursday, November 6, 2008

တရားရုံးချုပ်မှ တရားစွဲသည့်အမှုအတွက် ရှေ့နေဦးအောင်သိန်းလျှောက်လဲချက်ပေး

ကိုဝိုင်း/ ၆ နိုဝင်ဘာ ၂၀၀၈

တရားရုံးကို မထေမဲ့မြင်ပြုမှုဖြင့် စွဲချက်တင်ခံထားရသော ရှေ့နေကြီး ဦးအောင်သိန်းသည် ၎င်း၏ လျှောက်လဲချက်ကို တရားရုံးချုပ်သို့ ယနေ့သွားရောက်ပေးအပ်ခဲ့သည်။

၎င်းက “ဒီနေ့တရားရုံးချုပ်သွားပြီးတော့ အမှန်အတိုင်းပဲ လျှောက်လဲချက် ပေးခဲ့တယ်လေ။ ဘယ်နေ့အမိန့်ချမယ်ဆိုတာတော့ မသိဘူး” ဟုပြောသည်။

“တရားစီရင်ရေးကို မယုံကြည်တော့” ဆိုသည့် စကားလုံးသုံးသည့်အတွက် ရှေ့နေကြီး ဦးအောင်သိန်းအား တရားရုံးချုပ် ဒုတိယညွန်ကြားရေးမှူး ချုပ်တဦးက ယခုကဲ့သို့ တရားစွဲခြင်းဖြစ်ကြောင်း၊ သို့သော် ၎င်းအနေဖြင့် အမှုသည်များပြောကြားချက် အတိုင်း တင်ပြခြင်းသာဖြစ်သောကြောင့် ဤကိစ္စတွင် ရှေ့နေများပါသည်ဟု မယူဆကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက “တရာစီရင်ရေးကို မယုံကြည်တော့လို့ဆိုတဲ့စကားလုံးသုံးတယ်ပေါ့နော်။ အန်ကယ်တို့က ဒါ တရားခံတွေကိုယ်တိုင်က တရားရုံးရှိ တရားသူကြီးရှေ့မှာလည်းပြောတယ်။ အဲဒီအချိန်က တရားသူကြီးကလည်း မဟန့်တားဘူး။ စာနဲ့တင်တဲ့အခါမှာလည်း ဒီဟာကို မသုံးပါနဲ့လို့ မဟန့်တားဘူး။ ပြန်ဖျက်ပေးပါလို့လည်း ပြောဆိုခြင်းမရှိဘူး။ ရှေ့နေတွေက အမှုသည်ရဲ့ ပြောကြားချက် အတိုင်းတင်ပြတယ်။ တင်ပြပြီး သူတို့ရဲ့ ပါဝါရုတ်သိမ်းမှုကိစ္စတွေကို လက်မှတ်ထိုးတယ်။ အမှုသည်တွေကလည်း အဲဒီအပေါ်မှာ လက်မှတ်ထိုးတယ်။ အဲဒီတော့ ဒီတရားရုံးကို မထီလေးစားပြုလုပ်မှုဟာ ရှေ့နေပါတယ်လို့ ဘယ်လို ဆိုလိုနိုင်မလည်းပေါ့နော်။ အဲဒီအတိုင်း အန်ကယ်တို့ လျှောက်လဲချက်ပေးခဲ့တယ်” ဟုပြောသည်။

တရားရုံးကို မထေမဲ့မြင်ပြုမှုကျူးလွန်မှုသည် အများဆုံး အများဆုံး ဒဏ်ငွေ (၂၀၀၀) (သို့) ထောင်ဒဏ် (၆) လ ပြစ်ဒဏ်ချမှတ် နိုင်ကြောင်းသိရသည်။

No comments: