ဧရာဝတီ | နိုဝင်ဘာ ၁၃၊ ၂၀၀၈
စစ်အစိုးရက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခြင်းနှင့်ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂက အလွန်အမင်း စိုးရိမ်ကြောင်းနှင့် အမေရိကန်အစိုးရက အပြင်းအထန်ကန့်ကွက်ရှုတ်ချ လိုက်ကာ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း သိရသည်။
“မိသားစုဝင်တွေ နဲ့ ရှေ့နေတွေကို ကြားနာခွင့်မပေးဘဲနဲ့ စစ်အစိုးရက တံခါးပိတ်တရားခွင်မှာ စီရင်ချက် ချခဲ့တာပဲ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Robert A Wood က သတင်းထောက်များကို ယမန်နေ့က ပြောကြားသည်။
Robert A Wood က လူ့အခွင့်အရေးလှုပ်ရှားနေသော အရပ်သားများကို ဆက်လက်ဖမ်းဆီးခြင်း၊ အနှောင့် အယှက်ပြု ခြင်းများကို ရပ်တန်းက ရပ်ရန်လည်း မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။
"စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ချက်ချင်းလွှတ်ပေးပြီး ဒီမိုကရက်တစ်အင်အားစုတွေ တိုင်းရင်းသားလူနည်းစုကိုယ်စားလှယ်တွေ ပါဝင်တဲ့ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေးတွေစဖို့ ကျနော်တို့တောင်းဆိုပါတယ်”ဟု ၎င်းက ဆိုသည်။
အမေရိကန်အစိုးရအနေဖြင် နိုင်ငံတကာမိတ်ဆွေများနှင့်အတူပူးပေါင်းကာ မြန်မာစစ်အစိုးရကို ထပ်မံ၍ ဖိအားများပေးရန် အကောင်းဆုံးနည်းလမ်းရှာဖွေ နေကြောင်းလည်း သိရသည်။
"ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဗမာပြည်အခြေအနေနဲ့ပတ်သက်ပြီး ကျနော်တို့အရင် အကြိမ်များစွာ ပြောခဲ့သလို အလွန်ပဲ စိုးရိမ်မကင်းဖြစ်ရပါတယ်။ နောက်ထပ် ဗမာအစိုးရကို ဖိအားထပ်တိုးဖို့လည်း ကျနော်တို့ ဆက်လက်ပြီး နည်းလမ်းရှာဖွေ သွားမှာဖြစ်ပါတယ်” ဟုလည်း Robert A Wood က ဆက်ပြောသည်။
အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသည့် US campaign for Burma အဖွဲ့ကလည်း အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပိုမို ပြုလုပ်ရန် အမေရိကန်အစိုးရကို တိုက်တွန်းထားသည်။
US campaign for Burma ၏ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်က “ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကို အရေးပေါ်အစည်းအဝေးတခု အမြန်ခေါ်ယူပြီး မြန်မာစစ်အစိုးရ အပေါ် တကမ္ဘာလုံးက လက်နက်ရောင်း ချမှု ပိတ်ဆို့ဖို့ အပါအဝင် နိုင်ငံတကာရဲ့တုံ့ပြန် ဆုံးဖြတ်ချက်များချမှတ်သွားဖို့ အမေရိကန်အစိုးရကို ကျနော် တို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
“ကုလသမဂ္ဂလုံခြုံရေး ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့တောင်းဆိုထားတာကို မြန်မာစစ်အစိုးရက ဘာကြောင့်ပယ်ချလိုက်တယ်ဆိုတာဟာ အခုတော့ရှင်းသွားပါပြီ”ဟုလည်း သူကပြော သည်။
ကမ္ဘာ့ကုလသမဂ္ဂကလည်း မြန်မာ အတိုက်အခံလှုပ်ရှားသူများ ကိုထောင်ဒဏ် နှစ်ရှည်ချလိုက်မှုအပေါ် အလွန်အမင်း စိုးရိမ်ကြောင်းပြောသည်။
ထို့အတူ မလေးရှား၊ စင်္ကပူ၊ ထိုင်း၊ ကမ္ဘာဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအစရှိသည့်နိုင်ငံများမှ ပါလီမန် အမတ်များဖြင့် ဖွဲ့စည်းထားသော အာဆီယံ လွှတ်တော်အမတ်များအဖွဲ့(AIPMC)ကလည်း နိုဝင်ဘာလ ၁၁ရက်နေ့က ရန်ကုန် အင်းစိန်ထောင် အတွင်းရှိ တံခါးပိတ်အထူးခုံရုံးမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ထောင်ဒဏ် ၆၅ နှစ် ချလိုက်မှုအပေါ် အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖော် ပြောကြားသည်။
No comments:
Post a Comment