Wednesday, November 19, 2008

လက်နက်ကိုင်တိုက်ပွဲကြောင့် ကလေးအခွင့်အရေး ချိုးဖောက်ခံရ

ခွန်အောင်မြတ်

၁၉၊ နိုဝင်ဘာ၊ ၂၀၀၈

မြန်မာနိုင်ငံတွင် လက်နက်ကိုင် တိုက်ပွဲများအတွင်းကလေးအခွင့်အရေးများ ချိုးဖောက်ခံ နေရကြောင်းကို "အမေ့လျော့ခံ အနာဂါတ်များ" အမည်ဖြင့် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) (HREIB)က ယနေ့ အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။

ယင်းအစီရင်ခံစာတွင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၆၁၂ တွင် ပါရှိသည့် ကလေးများကို သတ်ဖြတ် မှု၊ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ကလေးများ ကို စစ်သားအဖြစ် အသုံးချမှု စသည့် ကလေး အခွင့်အရေး ချိုးဖောက်မှု အချက် ၆ ချက်အား အဓိကထားပြီး စုံစမ်းဖော်ထုတ်ထားခြင်း ဖြစ်သည်။

ကလေးအခွင့်အရေး ချိုးဖောက်မှု အချက် ၆ ချက်သည် မြန်မာနိုင်ငံအတွင်းဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခ အတွင်းတွင် ကလေးသူငယ်များ ခံစားနေရပြီး ကလေးစစ်သား အသုံးပြုမှုမှာ ပိုမိုများပြားသည်ဟု HREIB ဒါရိုက် တာ ဦးအောင်မျိုးမင်းက ပြောသည်။

"ဘာဖြစ်လို့လဲဆိုတော့ အရင်ကတည်းက ကျနော်တို့ ကလေးစစ်သားအကြောင်းတွေကို စုံစမ်းထား တာရှိတယ်။ နောက် ကလေးစစ်သားတွေရဲ့ တင်ပြမှုကို ကျနော်တို့ စုဆောင်း ထားတော့ ဒီအ ကြောင်းအရာက ပိုပြီးတော့ များတယ်။ ဒါပေမယ့် တခြားအချက်မှာ ကြည့်မယ်ဆိုလို့ရှိရင်တော့ တခြားအချက်လည်း ချိုးဖောက်ခံထိတယ်။ အထူးသဖြင့် ကလေးတွေရဲ့ သတ်ဖြတ်မှုကို ကြည့်တဲ့ အခါမှာ အဲဒီမှာ ကလေးပေါင်း ရာနဲ့ချီပြီး သေဆုံးခဲ့တယ်ဆိုတာ တွေ့ရတယ်။ တချို့ကတော့ တိုက် ရိုက်သေဆုံးတယ်။ တချို့ကတော့ ဘယ်သူ ထောင်ထားမှန်းမသိတဲ့ မြေမြုပ်မိုင်းတွေရဲ့ ဒဏ်ကြောင့် သေဆုံးတာတွေ၊ ဒုက္ခိတတွေ ဖြစ်တဲ့ဟာတွေ တွေ့ရတဲ့အတွက် ဒီအချက်မှာ ဆိုလို့ရှိရင်လည်း များ တာပဲ။ "

ပြည်တွင်းစစ်တွင် ကလေးတွက် အကာအကွယ်မဲ့သဖြင့် မြန်မာစစ်အစိုးရက လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို လက်နက်သဖွယ် စနစ်တကျ ကျင့်သုံးမှုကြောင့် အသက်မပြည့် သေးသည့် အမျိုးသမီးအများစုမှာ လိင်ပိုင်းဆိုင်ာ စော်ကားမှုလည်း တွေ့ရှိရသည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ကလေးငယ်များကို စစ်သားအဖြစ် ခေါ်ယူသိမ်းသွင်းနိုင်လျှင် ငွေကြေးရရှိသဖြင့် စီးပွားရေး လုပ်ငန်းတရပ်အဖြစ် အသုံးချမှုလည်း ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ဦးအောင်မျိုးမင်းက "တချို့ထွက်ပြေးလာတဲ့ ကလေးတွေကိုယ်တိုင်က သူတို့ကို လာရောင်း တဲ့သူက စစ်တပ်ကနေ သူတို့ကို ပြန်ပြီးတော့ ငွေကြေးပေးတယ်ဆိုတာကို တွေ့ရတယ်။ တကယ့်ကို စီးပွားရေး တရပ်အနေနဲ့ လုပ်လာတယ်။ နောက်တခါ တခု ကျနော်တို့ တွေ့ရတာက ဒါက သက်သေ အထောက်အထား ခိုင်လုံမ ရှိပါတယ်။ ဘာလဲဆိုတော့ တချို့က စစ်တပ်ထဲက ထွက်ချင်တယ်။ စစ်တပ်ထဲက ထွက်ချင်လို့ရှိရင် နှစ်ယောက်အစား ရှာပေးရတယ်။ ဒါမှ ထွက်လို့ရမယ်ဆိုတဲ့ စည်း ကမ်းချက်တွေက ရှိလာတော့ အဲဒါတွေ ကိုယ်တိုင်က စစ်တပ်ထဲက ထွက်ချင်တဲ့သူတွေက သား ကောင်ရှာတယ်။ သာမာန်အရွယ်ရောက်တဲ့ သူတွေကို သူတို့ထိန်းလို့မရတော့ ကလေးတွေကို ပစ်မှတ်ရှာရင်းနဲ့ နှစ်ယောက်ကို စတေးပြီး သူတယောက်ထွက်ဖို့ အတွက် လုပ်ောင်တဲ့ ပုံစံ။" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာစစ်အစိုးရအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့လည်း ကလေးအခွင့်အရေး ချိုးဖောက်မှု ကလေးစစ်သားအသုံးပြုမှု ရပ်တန့်ရန် လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာက အရေးယူဆောင်ရွက် ရန် တာဝန်ရှိသည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

"ဘာဖြစ်လို့လဲဆိုတော့ နအဖက နိုင်ငံတကာ စာချုပ်တွေကို လက်မှတ်ထိုးထားတယ်။ အစိုးရ ပေါ်လစီပြောင်းဖို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက အများကြီး တာဝန်ရှိတယ်။ ဒါကတော့ နအဖရဲ့ လုပ်ဆောင်မှုကို နိုင်ငံတကာသိအောင် ဖော်ထုတ်ပြီးတော့ အရေးယူ လုပ်ဆောင်မှု ဖြစ်ပါ တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ သူတို့ကတော့ အစိုးရလို နိုင်ငံတကာ စာချုပ်ထိုး ထားတာ မဟုတ်ဘူး။ ဒါပေမယ့် ကလေးအခွင့်ရေး ချိုးဖောက်မှုက ကလေးအခွင့်အရေး ချိုးဖောက်မှု ဖြစ်တဲ့အတွက် သူတို့မှာလည်း တစိပ်တပိုင်းအရ တာဝန်ရှိတယ်။"

ပြီးခဲ့မေလတွင် တိုက်ခတ်သွားသည့် နာဂစ်လေမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် မိဘမဲ့ ကလေးများပြားလာမှု ကြောင့် ကလေးအခွင့်အရေးချိုးဖောက်မှု၊ ကလေးရောင်းစားခံမှု၊ ကလေးစစ်သား ခေါ်ယူမှု ပိုမိုများပြားလာသည် ဟု သတင်းများထွက်ပေါ်လာပြီး ယင်းကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဟု က ပြောသည်။

No comments: