စက်မှု (၁) ၀န်ကြီးဌာနနှင့် အကျိုးတူလုပ်ကိုင်ခဲ့သည့် လုပ်ငန်းများအားလုံးကို စာရင်းဖျက်သိမ်း နေသည့်အလျောက် စက်မှု (၁) လက်အောက်ရှိ စီးကရက်စက်ရုံအားလုံးကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်က ယူမည်ဖြစ်သည်။
စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်မှ ရန်ကုန် စီးကရက်စက်ရုံအမှတ် (၁) ကို စတင်ယူတော့ မည်ဖြစ်သည်ဟု မြန်မာ့စီးပွားရေး ဦးပိုင်အရာရှိက ပြောသည်။ စက်မှု (၁) ၀န်ကြီးဌာနလက် အောက်တွင် ဗာဂျီးနီးယားလုပ်ငန်းရှိတော့မှာ မဟုတ်သဖြင့် ၀န်ကြီး ဦးအောင်သောင်းအနေ ဖြင့် ပိုလျှံဝန်ထမ်းများကို မည်သည့်နေရာ ထားရမှန်းမသိဖြစ်နေသည်ဟု ဦးအောင်သောင်း၏ လက်ထောက်အရာရှိတဦးက ပြောသည်။
“ခုဖြစ်နေတာက ပုဂ္ဂလိကလက်လွှဲပြောင်းရေးဆိုတာကို အစိုးရက ပေါ့ပေါ့ဆဆနဲ့ လုပ်နေ တယ်။ အစိုးရ အလုပ်ရုံ၊ စက်ရုံတွေ ပုဂ္ဂလိကလက်ရောင်းပြီဆိုရင် အစိုးရခန့်တဲ့ ၀န်ထမ်း အကုန်မယူဘူး။ အရည်အချင်းမီတဲ့သူပဲရွေးခေါ်မှာ။ ဒီတော့ ၀န်ထမ်းပိုလျှံမှုဖြစ်လာမယ်။ ပိုလျှံဝန်ထမ်းတွေအတွက် ထောက်ပံ့ဖို့အတွက် ခိုင်မာတဲ့ Social Welfare စနစ် မြန်မာနိုင်ငံမှာမရှိဘူး။ ရှိရင်တောင် ဒီဝန်ကြီးဌာနအသီးသီးက ပိုလျှံဝန်ထမ်းတွေထောက်ပံ့ဖို့ ဘယ်ကရငွေနဲ့ Social Welfare စနစ်ကို ကျားကန်မလဲ။ ဒါတွေကို စစ်အစိုးရ၀န်ကြီးတွေ တွေးမိသလား မပြောနိုင်ဘူး။ ထင်ရာလုပ်နေတဲ့ပုံစဲပဲ” ဟု သတ္တုတွင်းအရာရှိတဦးက ပြောသည်။
လယ်ဆည်ဝန်ကြီးဌာနလက်အောက်ခံ ပျဉ်းမနားသကြားစက်ဆိုလျှင် ယုဇနကုမ္ပဏီမှ ၀ယ်သွားသည်မှာ (၂) နှစ်ရှိပြီဖြစ်သည်။ ၀ယ်စဉ်က ပါသွားသည့် အစိုးရ၀န်ထမ်းများကို (၅) နှစ်ထိသာ တာဝန်ယူမည်၊ (၅) နှစ်ကျော်လျှင် အလုပ်မပေးနိုင်ဟု ယုဇနကုမ္ပဏီက ပြောထား သည့်အတွက် ၀န်ထမ်းများ အခက်တွေ့နေသည်ဟု ၀န်ထမ်းတဦးက ပြောသည်။
အရှုံးပေါ်နေသည့် စစ်အစိုးရပိုင် လုပ်ငန်းများအား ထောက်ပံ့ရသည့်ပမာဏမှာ ၂၀၀၃ ခုနှစ် ဘတ်ဂျက်လိုငွေပြမှု၏ (၄၀) ရာနှုန်းနီးပါးရှိသည်ဟု ၂၀၀၅ ခုနှစ် အေဒီဘီအစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းပေါင်း (၂,၀၀၀) နီးပါးရှိပြီး ၎င်းတို့ထဲမှအချို့ကို ၁၉၉၅ ခုမှစတင်ပြီး ပုဂ္ဂလိကလက်လွှဲပြောင်းရေး စတင်ခဲ့သည်။ ၂၀၀၃ ခုနှစ် ပထမ သုံးလပတ်ထိ ပုဂ္ဂလိကလက်လွှဲပြောင်းခဲ့သည့် ၀န်ကြီးဌာန (၁၈) ခုမှ နိုင်ငံပိုင်လုပ်ငန်းပေါင်း (၁၈၀) ရှိသည်ဟု စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။
No comments:
Post a Comment