Friday, November 21, 2008

Dulac (Dumex step1) နို့မှုန့်ကို မယ်လမင်းကင်းကြောင်း ကြေညာ

သဲသဲ
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 22:23 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ မယ်လမင်းဓာတ် ပါရှိသော နို့မှုန့်များစာရင်းတွင် ပါဝင်ခဲ့သော Dulac (Dumex step1) နို့မှုန့်ကို ယခုအခါ မယ်လမင်းကင်းရှင်းကြောင်း မြန်မာစစ်အစိုးရ သတင်းစာက ပြန်လည် ကြေညာသည်။

မယ်လမင်းဓာတ် ပါဝင်ကြောင်း စစ်ဆေး တွေ့ရှိသဖြင့် ပြီးခဲ့သည့် လဆန်းပိုင်းက ရောင်းချခွင့် တားမြစ်ခဲ့သည့် နို့မှုန့် ၁၆ မျိုးထဲတွင် ပါဝင်ခဲ့သော Dulac (Dumex step1) နို့မှုန့်အပါအ၀င် အခြား နို့နှင့် နို့ထွက်ပစ္စည်း ၈၂ မျိုးကို မယ်လမင်း ကင်းရှင်းကြောင်း ယနေ့ထုတ် စစ်အစိုးရက ပြန်လည် ကြေညာလိုက်ခြင်း ဖြစ်သည်။

"သတင်းစာထဲမှာ တကြိမ် စစ်ဆေးရုံနဲ့ မလုံလောက်ဘူးလို့ ရေးထားတာပဲ၊ ကျမတို့က ကိုယ့်ပစ္စည်းအပေါ်မှာ ယုံကြည်မှု ရှိပြီးသားလေ။ အခု လုံးဝ ကင်းရှင်းလို့ ကြေညာပေးတာပါ" ဟု Dulac (Dumex step1) နို့မှုန့် ကုမ္ပဏီမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

Dulac (Dumex step1) အား စင်္ကာပူနှင့် မလေးရှားနိုင်ငံမှ တင်သွင်းလာခြင်း ဖြစ်သည်။

တင်သွင်းစဉ်ကပင် ထိုနိုင်ငံများမှ ဘေးဥပါဒ် ကင်းရှင်းသည့် အထောက်အထားများကို သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြထားပြီးဖြစ်သဖြင့် ယခင် တားမြစ်ပိတ်ပင်ခံရမှုကို အလွန်ပင် အံ့သြသင့်ခဲ့ရကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။

မယ်လမင်းပါဝင်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် Dulac (Dumex step1) နို့မှုန့်အား ရောင်းချခွင့် ပိတ်ပင်ကြောင်း ပြီးခဲ့သည့်လ ၉ ရက်နေ့ထုတ် သတင်းစာမှ ကြေညာခဲ့ပြီးနောက် ပစ္စည်းဝယ်ယူပြီးသူများအား အခြား ပစ္စည်းတခုခုနှင့် ပြန်လဲပေးရန် ကုမ္ပဏီက ပြုလုပ်ပေးခဲ့သည်။

ကျန်းမာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသို့ တင်သွင်းသော နို့မှုန့် ၁၆ မျိုးအား မစားသုံးသင့်သည့် စာရင်းအဖြစ်ဖော်ပြခဲ့ပြီးနောက် အဆိုပါ နို့မှုန့်များ ဆက်လက်ရောင်းချခြင်း ရှိ၊ မရှိ ဈေးကွက်အတွင်း လိုက်လံစစ်ဆေး၊ သိမ်းဆည်းမှုများ လုပ်ခဲ့သည်။

ဤသို့ မယ်လမင်း ကင်းရှင်းကြောင်း ကြေငြာပေခြင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် မြန်မာနိုင်ငံ ဗဟို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့ ဆက်သွယ်သော်လည်း ဖြေကြားမည့်သူ မရှိပေ။

တားမြစ် ၁၆ မျိုးအနက် Dulac (Dumex step1) နို့မှုန့်တမျိုးသာ မယ်လမင်း ကင်းရှင်းသည့် စာရင်းတွင် ယခုလို ပြန်လည် ဖော်ပြခံရခြင်းလည်း ဖြစ်သည်။

No comments: