Monday, November 10, 2008

Iron Cross လန်ဒန်တွင် ဂီတဖျော်ဖြေပွဲ ကျင်းပမည်

မြင့်မောင်
တနင်္လာနေ့၊ နိုဝင်ဘာလ 10 2008 18:52 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ မြန်မာနိုင်ငံမှ နာမည်ကြီး ရော့ခ်ဂီတ၀ိုင်းဖြစ်သည့် Iron Cross - IC သည် ယခုလ ၂၃ ရက်နေ့တွင် လန်ဒန်သို့ သွားရောက် ဖျော်ဖြေမည် ဖြစ်သည်။

IC ၏ ပထမဆုံး လန်ဒန်ဖျော်ဖြေပွဲကို မြန်မာနိုင်ငံသားများ ထူထောင်ထားသည့် လန်ဒန်အခြေစိုက် Creek Society Bank ဖိတ်ခေါ်မှုဖြင့် အမှတ် ၄၉၀ စီးပွားရေးလမ်းမရှိ လူဦးရေ ၃၅၀၀ ၀င်ဆန့်သည့် Troxy ဟောခန်း၌ ယခုလ ၂၃ ရက်နေ့တွင် ညနေ ၆ နာရီမှ ည ၁၂ နာရီအထိ ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

"လန်ဒန်ကို မရောက်ဘူးသေးတဲ့အတွက် ပထမဆုံးအကြိမ် ရောက်အောင်ရယ်၊ လန်ဒန်မှာ ရှိတဲ့သူတွေ IC Live show ကြည့်ရအောင်ရယ်၊ အားလုံးအဆင်ပြေအောင် ကျနော်တို့ လုပ်တဲ့ကိစ္စ ဖြစ်တယ်" ဟု ဂီတပွဲ စီစဉ်သူတဦးက မဇ္ဈိမကို ပြောသည်။

IC ၀ိုင်းတော်သားများဖြစ်သည့် နာမည်ကြီး Lead ဂီတာသမား ချစ်စန်းမောင်၊ Keyboard ဗညားနိုင်၊ Bass ဂီတာ ခင်မောင်သန့်နှင့်အတူ အဆိုတော် မျိုးကြီး၊ အငဲ၊ ၀ိုင်ဝိုင်းနှင့် လန်ဒန်ရှိ အဆိုတော် တင်ဇာမော်တို့က သီဆို ဖျော်ဖြေသွားမည်။

ကြိုတင်လက်မှတ် တစောင်လျှင် ပေါင် ၃၀ နှင့် ဖျော်ဖြေပွဲနေ့တွင် ၃၅ ပေါင်နှုန်းဖြင့် ရောင်းချသွားရန် သတ်မှတ်ထားရာ၊ လက်မှတ်များကို စတင်ရောင်းချပြီဟု လန်ဒန်ရှိ လက်မှတ် အရောင်း ကိုယ်စားလှယ်တဦးက ပြောသည်။

သူက "ကျနော်တို့က လက်မှတ်ကို ရောင်းတော့ ရောင်းပြီ။ တချို့လူတွေက ကြိုတင်မှာတဲ့ သဘောနဲ့ ၀ယ်ထားတာတွေ ရှိနေပြီ။ IC အဖွဲ့ကတော့ ၂၀ ရက်နေ့လောက်မှာ ထွက်လာမယ်။ Visa (ပြည်ဝင်ခွင့်) တွေလည်း ရပြီဆိုတော့ သူတို့ လာဖို့ သေချာနေတယ်" ဟု ပြောသည်။

ရန်ကုန်ရှိ IC တေးထုတ်လုပ်ရေးမှ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ ဂီတဖျော်ဖြေပွဲသို့ IC ၀ိုင်းတော်သားများနှင့် အဆိုတော်များ သွားရောက်ရန် အဆင်သင့်ဖြစ်နေကြောင်း အတည်ပြု ပြောဆိုသည်။

ဂီတပွဲမှ ရရှိလာမည့် အမြတ်အစွန်းကို Creek Society Bank ၏ ရန်ပုံငွေအဖြစ် သုံးစွဲသွားမည်ဟု သိရသည်။

ယခုနှစ်မေလဆန်းက နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ဂျူလိုင်လအတွင်းက Creek Society Bank အစီအစဉ်ဖြင့် အဆိုတော် ဇော်ပိုင်နှင့် ကျားပေါက်တို့လည်း လန်ဒန်သို့ သွားရောက်ဖျော်ဖြေရာ မုန်တိုင်းသင့် ဒုက္ခသည်များ ရန်ပုံငွေအတွက် မြန်မာကျပ်ငွေ သိန်း ၁၇၀ ကျော် ရရှိခဲ့သည်။

လန်ဒန်တွင် မြန်မာနိုင်ငံသား တသောင်းကျော် နေထိုင်လျက်ရှိသည်။

No comments: