Monday, December 15, 2008

လူငယ်ရှေ့နေတဦး ထိုင်း-မြန်မာ နယ်စပ်သို့ ရောက်ရှိ

Monday, 15 December 2008 19:51 ရိုးမ ၃

နိုင်ငံရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ အမှုများကို လိုက်လံဆောင်ရွက်ပေးနေသည့် လူငယ်ရှေ့နေ ကိုစောကျော်ကျော်မင်း ထိုင်း-မြန်မာနယ်စပ်သို့ ပြီးခဲ့သည့် လကုန်ပိုင်းက ရောက်ရှိခဲ့သည်။

Lawyer Saw Kyaw Kyaw Min

သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားနေသည့် ကိုစောကျော်ကျော်မင်း

ယခုကဲ့သို့ ရောက်ရှိလာသည့်အခြေအနေနှင့် မြန်မာပြည်တွင်း သူကြုံတွေ့ခဲ့ရသည့် တရားစီရင်ရေးစနစ်အကြောင်းကို ယနေ့နံပိုင်းတွင် ဒေသတွင်း သတင်းထောက်များအား ဖိတ်ကြားကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အာဏာပိုင်တွေက ကျနော့်ကို ငွေဒဏ်လောက်ပဲ ချမှတ်ရတဲ့အမှုကို ခြောက်လ ပြစ်ဒဏ်ချထားတာကို ကြည့်ရင် မြန်မာနိုင်ငံမှာ တရားစီရင်ရေးစနစ်က ယိုယွင်းပျက်စီးသွားပြီး လုံးဝ အယုံအကြည်မရှိတဲ့အတွက်ကြောင့် ကျနော် အခုလို ထွက်လာခြင်းဖြစ်ပါတယ်”ဟု ကိုစောကျော်ကျော်မင်းက ပြောသည်။

ယင်းကဲ့သို့ စစ်အစိုးရ အာဏာပိုင်များဘက်က ရှေ့နေများအပေါ် ပြန်လည်တရားစွဲဆို ထောင်ချနေမှုများသည် မှန်ကန်မှု၊ တရားမျှတမှု လုံးဝမရှိသလို လူ့အခွင့်အရေးနှင့် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးတရားစွဲဆိုရာတွင် ရဲစစ်ဆေးချက်များကို တရားရုံးတင်ကာ ထောင်ဒဏ်များ မတရား ချက်မှတ်နေသည့်အတွက် တရားရေးမဏ္ဍိုင် လုံးဝ ယိုယွင်းပျက်စီးနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ရွှေပြည်သာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် တသက်တကျွန်းနှင့် (၁၃) နှစ် ကျခံခဲ့ရတဲ့ ကိုရန်ရွှေ၊ တသက်တကျွန်းနဲ့ (၈) နှစ် အမိန့်ချခံရတဲ့ ဦးမြင့်အေးတို့ဆိုရင် ရဲစစ်ဆေးချက်တွေနဲ့ တရားရုံတင်ပြီး စီရင်ချက်ချခံရတာဖြစ်တယ်၊ ဒါဟာ တရားစီရင်းရေး ကျင့်ထုံးဥပဒေနဲ့ လုံးဝ မကိုက်ညီဘဲ မတရား အမှုဆင် ထောင်ချခံခဲ့ရတာပဲလို့ ပြောချင်တယ်” သူက ပြောဆိုသည်။

ကိုစောကျော်ကျော်မင်းသည် နိုင်ငံရေးအမှုပေါင်း (၁၃) မှုကို လိုက်လံဆောင်ရွက်ပေးနေရင်း အောက်တိုဘာလ (၂၇) ရက်နေ့တွင် လှိုင်သာယာမြို့နယ်တရားသူကြီး ဦးအောင်သန်းမြင့်က ပုဒ်မ (၂၂၈) တရားစစ်ဆေးရေး နှောင့်နှေးအောင် နှောင့်ယှက်မှုဖြင့် မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် (၆) လ ချမှတ်ထားသည်။

“လှိုင်သာယာမြို့နယ်တရားရုံးမှာ ကိုရန်နိုင်ထွန်းက တရားရုံးကို ကျောပေးထိုင်တယ်၊ တရားသူကြီးက ရှေ့နေဖြစ်တဲ့ ကျနော်ရယ်၊ ကိုညီညီထွေးရယ်ကို ဒီလိုမလုပ်ဖို့ ညွှန်ကြားသင့်တယ်လို့ ပြောတယ်၊ ကျနော်နဲ့ ကိုညီညီထွေးက ရှေ့နေတွေဟာ အမှုသည်တို့ လွှဲအပ်ချက်အရ လိုက်ပါဆောင်ရွက်နေတာဖြစ်လို့ ယခုအမှုမှာ အမှုသည်များကိုယ်တိုင် ပြုမှုဆောင်ရွက်တာဖြစ်လို့ ဝင်ရောက်ပြောလိုခြင်းမရှိကြောင်း လျှောက်တင်တယ်၊ အဲဒါကို မကျေနပ်လို့ ပုဒ်မ (၂၂၈) နဲ့ ကျနော်တို့ကို တရားစွဲတာ”ဟု ၎င်းက ဆက်ပြောသည်။

ကိုစောကျော်ကျော်မင်းနှင့်အတူ တရားစွဲဆိုခံရသည့် လူငယ်ရှေ့နေ ကိုညီညီထွေးကိုလည်း အောက်တိုဘာလ (၃၀) ရက်နေ့က ထောင်ဒဏ် (၆) လ ချမှတ်လိုက်သည်။ ထို့အပြင် နိုင်ငံရေးသမားများ အမှုများကို လိုက်လံဆောင်ရွက်ပေးနေသည့် ရှေ့နေကြီး ဦးခင်မောင်ရှိန်နှင့် ဦးအောင်သိန်းတို့ကိုလည်း တရားရုံးတော်ကို မထီမဲ့မြင် ပြုလုပ်မှုဖြင့် တရားရုံးချုပ်က နိုဝင်ဘာလ (၇) ရက်နေ့တွင် ထောင်ဒဏ် (၄) လစီ မျက်ကွယ် အမိန့်ချမှတ်ခဲ့သည်။

ကိုစောကျော်ကျော်မင်းသည် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းဇာတိဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ (LLB)ဥပဒေဘွဲ့ကို ရရှိခဲ့ပြီးနောက် နိုင်ငံရေးဖြင့် တရားစွဲဆိုခံထားရသည့် အမှုများကို လိုက်လံကူညီပေးနေသည့် လူငယ်ရှေ့နေတဦးဖြစ်သည်။

No comments: