Wednesday, December 24, 2008

အင်အားစုများ ညီညွတ်ရန် စီအာပီပီ တိုက်တွန်း

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008 17:48 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ တိုင်းပြည်အတွက် နိုင်ငံရေးအင်အားစုများ အားလုံး ညီညွတ်မှုရှိရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ - စီအာပီပီက ယနေ့ တိုက်တွန်းလိုက်သည်။

တိုင်းပြည် ဒီမိုကရေစီရေးအတွက် နိုင်ငံရေးပါတီအချင်းချင်း၊ ပါတီတွင်း၊ အပစ်ရပ်နှင့် ဆက်လက်တိုက်ပွဲဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ညီညွတ်ရေး လိုအပ်ကြောင်း ယမန်နေ့က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည့် စီအာပီပီ အစည်းအဝေး နောက်ရက်တွင် ယခုလို ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
"ပါတီများအနေနဲ့ တဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုတည်ဆောက်ပြီး၊ အပြန်အလှန်နားလည်ပြီး ညီညွတ်ရင် အကောင်းဆုံးပဲ။ တိုင်းပြည်အတွက် အရေးအကြီးဆုံး အခြေအနေဖြစ်နေတဲ့အတွက် နိုင်ငံရေးပါတီရော၊ ငြိမ်းချမ်းရေး လုပ်ထားတဲ့ အဖွဲ့တွေရော၊ ငြိမ်းချမ်းရေး မလုပ်ရတဲ့ အဖွဲ့တွေရော အားလုံးဟာ ဒီအချိန်မှာ ညီညွတ်ဖို့ စည်းလုံးဖို့ ဒါမှလည်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်လို့ရမယ်" ဟု စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

"ညီညွတ်ရေးကို တည်ဆောက်ရာမှာ ယုံကြည်မှုက အရေးကြီးတယ်။ ဒါကြောင့်မို့ နအဖ အာဏာပိုင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တောင်းဆိုတယ်" ဟု သူက ဆက်ပြောသည်။

အစည်းအဝေးသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် ၁၁ ဦး တက်ရောက်ခဲ့ကာ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ဆွေးနွေးခဲ့ကြသည်။

စစ်မှန်သည့် ဒီမိုကရေစီစနစ် တည်ဆောက်မည်ဆိုလျှင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်သည့်အနေဖြင့် မြန်မာစစ်အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက်ရန်အတွက် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ပြုလုပ်ရန် အစည်းအဝေးက တောင်းဆိုခဲ့သည်။

ဦးအေးသာအောင်က "တိုင်းပြည်မှာ ညီညွတ်ရေး မရှိဘဲနဲ့ ယိုယွင်းနေတဲ့ နိုင်ငံတခုကို ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အင်အားစုတွေအားလုံး ညီညွတ်ဖို့လိုတယ်။ မကြိုက်တာတွေ၊ သဘောမကျတာတွေ ဘေးဖယ်ပြီးတော့ ညီညွတ်ရေးကို တည်ဆောက်ရမယ်။ ဒီလို မတည်ဆောက်ရင်တော့ ဒီ့ထက်ပိုဆိုးနိုင်တယ်" ဟု ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် ပြည်သူ့လွှတ်တော် မပေါ်ပေါက်မီစပ်ကြား လွှတ်တော်ကဲ့သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ စီအာပီပီကို ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က အန်အယ်ဒီနှင့် ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး စသည့် တိုင်းရင်းသားပါတီများမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၅၁ ဦးက လက်မှတ်ရေးထိုးကာ လုပ်ပိုင်ခွင့် အပ်နှင်းခဲ့သည်။

သို့သော်လည်း နအဖ စစ်အာဏာပိုင်များဘက်ကမူ တရားမ၀င် အသင်းအဖြစ် ပြောဆိုလေ့ရှိသည်။

No comments: