ဇာနည် | |
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 18 2008 19:26 - မြန်မာစံတော်ချိန် | |
ချင်းမိုင် (မဇ္ဈိမ)။ ။ လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ခြင်း မရှိသော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ၈၄ ခုကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာနမှ ပယ်ဖျက်လိုက်သည်။ သက်တမ်း ၂ နှစ်ရှိ ခရီးသွား လုပ်ငန်းလိုင်စင်ကို သက်တမ်းတိုးရန်အတွက် သတင်းပေးပို့ရန် ပျက်ကွက်သော ခရီးသွားလုပ်ငန်းများကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ "အခုဖျက်တာတွေမှာက လက်ရှိ လုပ်နေတဲ့ နာမည်ရပြီးသားတွေ မပါပါဘူး။ အခုဟာတွေက သက်တမ်း လာမတိုးတာ ၂ နှစ်မကတော့ဘူး။ အခွန်လည်း လာမဆောင်ဘူး။ ဒါနဲ့ပတ်သက်ပြီးလည်း လာမဆက်သွယ်ဘူး။ သူတို့ကို သက်တမ်းလာတိုးဖို့ ဆက်သွယ်ရာမှာလည်း သတင်းမပို့ဘူးပေါ့။ အဲဒီလို ကုမ္ပဏီတွေကို ဖျက်တာပါ" ဟု နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိတဦးက မဇ္ဈိမကို ပြောပြသည်။ ယခု ဖျက်သိမ်းခံရသော လုပ်ငန်း ၈၄ ခုမှ အများစုမှာ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန လက်အောက်တွင် မှတ်ပုံတင်ထားသော မြန်မာနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသော အေဂျင်စီပေါင်း ၅၀၀ ကျော်အနက်မှ မြန်မာနိုင်ငံသားပိုင် ခရီးသွားလုပ်ငန်းငယ်များ ဖြစ်သည်။ "ကျနော်တို့ ပေးတဲ့ လိုင်စင်က ၂ နှစ် သက်တမ်းရှိတယ်။ ၂ နှစ်ပြည့်ရင် သက်တမ်းလာတိုးရတယ်။ နောက်ကျတာမျိုးဆို ၆ လလောက်အထိတော့ ကျနော်တို့ ပြန်ပြီး ရက်လွန်ကြေးတွေနဲ့ လုပ်ပေးတာပေါ့နော်။ အခုဟာတွေက ပျောက်နေတာ နှစ်နဲ့ချီနေတာတွေပေါ့။ တချို့ဆို ဘယ်မှာရှိမှန်းတောင် လိပ်စာမသိတော့ဘူး" ဟု သူက ဆက်ပြောသည်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသော ခရီးသွားလုပ်ငန်း ၁ ခု၊ နိုင်ငံခြားနှင့် ဖက်စပ်လုပ်ကိုင်နေသော ခရီးသွားလုပ်ငန်း ၂၀ ကျော်နှင့် ကျန် ခရီးသွားလုပ်ငန်းများမှာ မြန်မာနိုင်ငံသားပိုင် လုပ်ငန်းများဖြစ်သည်ဟု မြန်မာ့ခရီးသွားလုပ်ငန်းမှ သိရသည်။ ပြီးခဲ့သည့် ၁၉၉၄ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း မြန်မာ့ခရီးသွားလုပ်ငန်း အရှိန်ရခဲ့စဉ် အချိန်များက အကျိုးအမြတ်များသော ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ခရီးသွားလာရေး လုပ်ငန်းလိုင်စင်များ လျှောက်ထားခဲ့ကြပြီး တနိုင်လုပ်ငန်းအနေဖြင့် လုပ်ကိုင်ခဲ့ကြရာ အထိုက်အလျောက် အောင်မြင်မှုများ ရရှိခဲ့ကြသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်လှုပ်ရှားမှု ဖြစ်ပွားသည့် အချိန်မှ စတင်ကာ မြန်မာ့ခရီးသွားလုပ်ငန်းမှာ တဟုန်ထိုး ကျဆင်းသွားခဲ့ချိန်တွင် ခရီးသွားလုပ်ငန်းကြီးများ ထိခိုက်မှုများနှင့်အတူ အဆိုပါ လုပ်ငန်းငယ်များမှာ အထိနာကြရသည်။ ရန်ကုန်ရှိ ခရီးသွားလုပ်ငန်းကြီးတခုမှ တာဝန်ရှိသူတဦးက "အဲဒီ စာရင်းမှာပါတဲ့ လုပ်ငန်းတွေက နာမည်ရှိတဲ့ ဟာတွေတော့ မဟုတ်ဘူး။ ဒါတွေက အစကတော့ ဒီလုပ်ငန်းလုပ်ရင် အဆင်ပြေမယ်ဆိုပြီး လုပ်ထားတဲ့ ကုမ္ပဏီတွေပေါ့။ အခုနောက်ပိုင်း လုပ်ငန်းက အဆင်မပြေတာ၊ နောက် တချို့ကလည်း ဖိဖိစီးစီး မလုပ်နိုင်ကြတော့တာတွေလည်း ပါမှာပေါ့လေ။ လက်ရှိ လုပ်နေကြတဲ့ ကုမ္ပဏီတွေကတော့ မပါပါဘူး။ လက်ရှိလုပ်နိုင်နေတဲ့ သူတွေမှာက အလုပ်က မကောင်းဘူးဆိုပေမယ့် သက်တမ်းမတိုးတော့ဘဲ ပိတ်ရလောက်အောင်တော့ အခြေအနေဆိုးတာ ရှိမနေဘူးလေ" ဟု မဇ္ဈိမကို ပြောပြသည်။
|
Thursday, December 18, 2008
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ၈၄ ခုကို အစိုးရက စာရင်းက ပယ်ဖျက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment