Wednesday, December 17, 2008

ကားဈေးကွက် အရောင်းအဝယ် မရှိ

NEJ/ ၁၇ ဒီဇင်ဘာ ၂၀၀၈


pakis

ယခုလက်ရှိ ရန်ကုန်ကားဈေးကွက်တွင် ကားအရောင်းအဝယ် မရှိသလောက် နည်းပါးနေရသည့် အဓိကအကြောင်းရင်းမှာ စီးပွားရေးကျပ်တည်းမှုကြောင့် ဖြစ်ကြောင်း ဟံသာဝတီကားဈေးကွက်မှ ဝါရင့် ဝယ်ရောင်းကြီးတဦးက ပြောသည်။

၎င်းက “ အခုတလော အစိုးရက လိုင်စင်မဲ့ကား ဆိုပြီး သိမ်းထား၊ ဖမ်းထားတာတွေကို လေလံ ဆက်တိုက် လုပ်နေတယ်။ ဒီအတွက် ကားဈေးကွက်ထဲကို ကားအရေအတွက် နည်းနည်း ဝင်လာတယ်။ ဒါပေမယ့် ကားဈေးနှုန်းတွေဟာ အရင်ဖြစ်ခဲ့တဲ့ ဈေးနှုန်းတွေနဲ့ နှိုင်းရင် (၃ဝ-၃၅) ရာခိုင်နှုန်းလောက် ကျသွားတယ်။
တပြိုင်နက်တည်း ဘက်ပေါင်းစုံက စီးပွားရေးကျဆင်းနေတော့ ကျနေတဲ့ ဈေးနှုန်းတွေနဲ့တောင် အရောင်းအဝယ် မဖြစ်ဘူး” ဟု ပြောသည်။

နအဖ စစ်အစိုးရက ပြီးခဲ့သည့်လများအတွင်း နေပြည်တော်၊ တောင်ငူနှင့် မန္တလေးမြို့တို့တွင် သိမ်းဆည်းကားများကို လေလံပစ်သည့်အတွက် ဈေးကွက်ထဲသို့ ကားမျိုးစုံ အစီး (၁,ဝဝဝ) နီးပါး ဝင်ရောက်လာကြောင်း၊ ၀င်ရောက်လာသည့် ကားများတွင် ဈေးကွက်ထဲ၌ အမှန်တကယ် လူကြိုက်များသည့် ၁၉၉၄-၉၅ ဝန်းကျင် မာခ်တူး၊ တိုယိုတာဗင်၊ ပါဂျဲရိုး စသည့် ကားများမှာ ရာဂဏန်းခန့်သာ ပါကြောင်း ကားပွဲစားများက ပြောပြကြသည်။

အရောင်းသွက် ကားအနည်းငယ်ခန့်သာ ဈေးကွက်ထဲ ရောက်လာသော်လည်း ဝယ်လိုအားမရှိခြင်း၊ ယခင်က ဝယ်ရောင်းလုပ်သည့် လက်ကြီးသမားများလည်း စီးပွားရေး မကောင်း၍ ကားဈေးကွက်ထဲ ဝင်မလာကြခြင်း တို့ကြောင့် ဈေးနှုန်းများ ကျဆင်းလာရခြင်း ဖြစ်ကြောင်း၊ ယခုလက်ရှိ ဈေးနှုန်းကျဆင်းနေသည့်အပြင် အစိုးရက နောက်ထပ် လေလံပွဲများ ပြုလုပ်မည်ဆိုသည့်သတင်းများကြောင့် ကားဈေးနှုန်း ဆက်ကျမည်ဟု မှန်းဆပြီး အရောင်းအဝယ်မရှိသလောက် အေးသွားခြင်းဖြစ်ကြောင်း အဆိုပါကားပွဲစားများက ပြောသည်။

ကားအရောင်းအဝယ် နည်းသွားသည့်အတွက် ကားဝယ်ရောင်း ပွဲစားလုပ်ငန်းနှင့် အသက်မွေးသည့် ပွဲစားများလည်း အခြားအလုပ်အကိုင်များဘက်သို့ ခြေဦးလှည့်သွားကြောင်း သိရသည်။

လက်ရှိ ကားဈေးကွက်၌ အရောင်းအဝယ်သွက်သည့် ၁၉၈၈-၈၉ မော်ဒယ် ဆန်နီ ဆူပါဆလွန်းကားများသည် ယခင် ကျပ် သိန်း (၃ဝဝ) အထက်မှ ယခု ကျပ် သိန်း (၂ဝဝ) အောက်၊ ဆူဇူကီး ဝယ်ဂွန် အာရ်ပလပ်စ် ကားများသည် ယခင် ကျပ် သိန်း (၄ဝဝ) အထက်မှ ယခု ကျပ် သိန်း (၃ဝဝ) သို့ ကျဆင်းလာပြီး ကျပ် သိန်း ထောင်ဂဏန်းအထက် ကားများမှာမူ အဆိုပါကားများထက် ဈေးပိုကျသည်ဟု သိရသည်။

ယခုကဲ့သို့ မြန်မာပြည်တွင်း ကားဈေးနှုန်းများ ကျနေသော်လည်း နိုင်ငံတကာ ကားဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက လက်ရှိ ကားပေါက်ဈေးသည် (၁ဝ) ဆခန့် ဈေးကြီးနေဆဲ ဖြစ်ကြောင်း နယ်စပ်မှ မှောင်ခို ကားတင်သွင်းသည့် စက်မှုဇုန် လုပ်ငန်းရှင်များက ပြောသည်။

ယခုလက်ရှိ ရန်ကုန်တွင် ကျပ် သိန်း (၅ဝဝ-၆ဝဝ) ဈေးပေါက်နေသည့် (၉၅-၉၆) မော်ဒယ် တိုယိုတာ မာခ့်တူး ဆလွန်းကား၊ တိုယိုတာ ဒီဇယ်ဗင် အမျိုးအစား ကားများသည် ထိုင်းနယ်စပ် မဲဆောက်-မြဝတီဘက်တွင် မြန်မာငွေ ကျပ် သိန်း (၄ဝ-၅ဝ) ခန့်ဖြင့် ဝယ်ယူ၍ရနိုင်ကြောင်း အဆိုပါ စက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံ၌ စစ်အစိုးရက နှစ်ပေါင်းများစွာ ကားတင်သွင်းခွင့်ပါမစ်များကို ထိန်းချုပ်ထား၍ နိုင်ငံတကာဈေးနှုန်းများနှင့် မနှိုင်းယှဉ်နိုင်အောင် ဈေးမြင့်နေခြင်းဖြစ်သည်။ အဆိုပါတန်ဖိုးကြီးမြင့်သည့် ကားပါမစ်များကို ရောင်းစားပြီး ထိပ်ပိုင်း စစ်အာဏာရှင်များ ကိုယ်ကျိုးစီးပွား ရှာနေကြခြင်းဖြစ်သည်။

မြန်မာပြည်သူများမှာမူ အခြားရွေးချယ်စရာ မရှိသည့်အတွက် မရှိမဖြစ် ကားသုံးရန် လိုသူများသည် ဈေးနှုန်းမြင့်မားစွာပေးပြီး ဝယ်ယူသုံးစွဲခဲ့ရပြီး ယခုလက်ရှိ စီးပွားရေး ကျဆင်းလာမှသာ ကားဈေးများ အလျင်အမြန် ကျဆင်းလာခြင်းဖြစ်သည်။

No comments: