Wednesday, December 24, 2008

မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေ လုံလောက်မှု မရှိဟု MSF ပြောကြား

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဒီဇင်ဘာလ 23 2008 18:50 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရတွင် ရန်ပုံငွေ မလုံလောက်သလို၊ နိုင်ငံတကာ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် ပြဿနာရှိသဖြင့် မြန်မာပြည်တွင် ရောဂါဝေဒနာများနှင့် သေဆုံးမှု အများအပြားကို ကာကွယ်တားဆီးရန် အခက်အခဲရှိကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့က ယမန်နေ့က ပြောဆိုလိုက်သည်။

နယူးယောက် အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ - MSF ၏ ယမန်နေ့က ထုတ်ပြန်သည့် ''လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်း ထိပ်တန်းဝင် စာရင်းဝင် ၁၀ ခု'' အမည်ရ နှစ်ပတ်လည် အစီရင်ခံစာ အဆိုအရ စစ်တပ်အုပ်ချုပ်သည့် မြန်မာနိုင်ငံ၌ ကျန်းမာရေးစောင့်ရှောက်မှုတွင် ရန်ပုံငွေ ဆိုးရွားစွာ လိုအပ်ချက်ကြောင့် စောင့်ရှောက်နိုင်စွမ်း မရှိဘဲ လူအများအပြားမှာ သေဆုံးနေရကြောင်း သိရခြင်းဖြစ်သည်။

ရန်ပုံငွေ မလုံလောက်သဖြင့် ''မြန်မာပြည်တွင် ရောဂါဝေဒနာများနှင့် သေဆုံးမှုများအား တားဆီးကာကွယ်ရန် အလှမ်းဝေးနေကြောင်း'' MSF လက်ထောက် ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ Luke Arend က မဇ္ဈိမသို့ ပေးပို့သည့် အီးမေးလ်စာထဲတွင် ပြောထားသည်။

တားဆီးကာကွယ်နိုင်စွမ်းရှိသည့် သေဆုံးမှုများမှ ကယ်ဆယ်ရန်အတွက် ပိုမိုလိုအပ်လာသည့် ရန်ပုံငွေများကို မြန်မာအစိုးရနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ပံ့ပိုးပေးခြင်း မရှိကြောင်း Arend က ပြောသည်။

သူ့အဆိုအရ ၂၀၀၈ ခုနှစ်အတွင်းက မြန်မာစစ်အစိုးရသည် လူတဦးလျှင် အမေရိကန်ဒေါ်လာ သုံည ဒဿမ ၇၀ သာ ခွဲဝေပေးနိုင်ခဲ့ခြင်းသည် ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ၏ သုံည ဒဿမ ၃ ရာခိုင်နှုံးမျှသာ ရှိသဖြင့်၊ ဤသည်မှာ ကမ္ဘာ့အနိမ့်ကျဆုံး ကျန်းမာရေး စောင့်ရှောက်မှု ကိန်းဂဏန်းသာဖြစ်သည်ဟု သိရသည်။

အလားတူပင် မြန်မာနိုင်ငံသည် နိုင်ငံရပ်ခြား ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအဖြစ် တနှစ်လျှင် လူတဦးအတွက် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာကိုသာ နိမ့်ကျစွာ ရရှိနေသည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းက HIV ဝေဒနာသည်အား ကုသရန် စင်္ကြာဝဌာလုံးဆိုင်ရာ ကူညီထောက်ပံ့မှု၏ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်အဖြစ်နှင့် ၂၀၁၀ ခုနှစ်ကို ဦးတည်ရည်ရွယ်ထားသော်လည်း ၄င်းအခြေအနေမျိုးသို့ ရောက်ရှိနိုင်ရန်အတွက်မှာ HIV ဝေဒနာသည်များအနက် ဝေဒနာသည် ၂၀ ရာခိုင်နှုံးထက် လျှော့နည်းစွာ ကုသမှု ရရှိနေသည့် မြန်မာနိုင်ငံအဖို့ အိပ်မက်သဖွယ် ဖြစ်နေသေးသည်ဟု MSF က ဆိုသည်။

''မြန်မာပြည်သားတွေဟာ သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေလိုပဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆီကနေ ဒီလိုအကူအညီတွေ မရဘူး။ ဒါဟာ မကောင်းဘူး'' ဟု Arend က ပြောသည်။

MSF အနေဖြင့် အကူအညီလိုအပ်နေသူ အများအပြားအား တတ်နိုင်သမျှ ကူညီနိုင်ရန်အတွက် ကြိုးစားနေလင့်ကစား၊ ငွေကြေးဆိုင်ရာ အကန့်အသတ်များ၊ ရန်ပုံငွေ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည်။

MSF အဆိုအရ ပြီးခဲ့သည့်နှစ်အတွင်း မြန်မာပြည်တွင် ငှက်ဖျားရောဂါမှာ နံပါတ်တစ် လူသတ်တရားခံ ဖြစ်ကြောင်းနှင့် HIV ဝေဒနာသည်ဦးရေ ၂ သိန်း ၄ သောင်း ၂ ထောင်ခန့် ရှိသည့်အနက် ၂ သောင်းခွဲမှာ သေဆုံးခဲ့ကြောင်း သိရသည်။

ငွေကြေးအကန့်အသတ်အပြင် အကူအညီပေးရေး လုပ်သားများလည်း အထောက်အပံ့ လိုအပ်နေသည့် သူများထံ ရောက်ရှိရန်အတွက် အဟန့်အတားများလည်း ကြုံတွေ့နေရသည်ဟု Arend က ပြောသည်။

သူတို့၏ လုပ်သားများသည် တိုင်းပြည်တ၀န်း လွတ်လပ်စွာ သွားလာဆောင်ရွက်နိုင်ခွင့် မရှိကြောင်းကို ရှမ်းပြည်မြောက်ပိုင်း၊ ကချင်၊ ရခိုင်နှင့် ကရင်နီပြည်နယ်၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းသို့ သွားလာလုပ်ကိုင်နေသည့် MSF က ပြောသည်။

''နေရာသစ်တွေဆီ သွားဖို့ဆိုရင် ခွင့်ပြုချက် လိုပါတယ်။ ဆေးဝါးကုသဖို့ လိုအပ်နေတဲ့သူတွေ ရှိနေတဲ့ နေရာတွေမှာ ကံမကောင်းတာကတော့ မယုံကြည်နိုင်လောက်အောင်ကို အခက်အခဲတွေ အကြီးအကျယ် ဖြစ်နေတာ ဒါမှမဟုတ် အလွယ်တကူ အခွင့်အလမ်း မရတာပဲဖြစ်ပါတယ်" ဟု Arend က ပြောသည်။

မြန်မာအပြင် နိုင်ငံသားများအား အကြီးအကျယ် အင်အားသုံးကာ နေရာရွှေ့ပြောင်းမှု၊ အကြမ်းဖက်မှုနှင့် ဆေးဝါးအကူအညီ မရသည့် ကွန်ဂို၊ ဆိုမားလီးယား၊ အီရတ်၊ ဆူဒန်နှင့် ပါကစ္စတန်တို့သည် ဆေးဝါးကုသရေး အေဂျင်စီများ လျစ်လျှူရှုခံနေရသည့် ဇင်ဘာဘွေနှင့်အတူ ကမ္ဘာပေါ်တွင် လူသားချင်း စာနာထောက်ထားမှုနှင့် ဆေးကုသရေးဆိုင်ရာ အေဂျင်စီများ အဆိုးရွားဆုံးဖြစ်သော နိုင်ငံများဖြစ်သည်ဟု MSF အစီရင်ခံစာက ထောက်ပြထားသည်။

(ဆော်လမွန် သတင်းပေးပို့ချက်အား မုံပီးက ပြန်လည်ရေးသားသည်။)

No comments: