Tuesday, January 6, 2009

တပ်ရိက္ခာ စပါး လယ်သမား မကိုက်

မျိုးကြီး
တနင်္လာနေ့၊ ဇန်နဝါရီလ 05 2009 17:56 - မြန်မာစံတော်ချိန်


ရွှေလီ (မဇ္ဈိမ)။ ။ ဆန်စပါးဈေးနှုန်းများ ကျဆင်းနေချိန်တွင် ပေါက်ဈေးအတိုင်း မဖြစ်မနေ ရောင်းခိုင်းသဖြင့် ကချင်ပြည်နယ် စပါးအထွက်ကောင်းသည့် ဒေသရှိ လယ်သမားများ နစ်နာဆုံးရှုံးနေရသည်။

၂၀၀၈ ခုနှစ် မိုးစပါးရာသီအတွက် တပ်ရိက္ခာစပါး ၀ယ်ယူရေး အ၀ယ်ဒိုင်များက ဒီဇင်ဘာလ ၂၀ ရက်မှစတင်ကာ ကချင်ပြည်နယ်ရှိ စပါးအထွက်နှုန်းကောင်းသည့် အင်းတော်ကြီး၊ မိုးညှင်း၊ နမ္မားမြို့များ အပါအ၀င် မြို့နယ် ၁၂ မြို့နယ်တွင် ယခင်နှစ်များက တပ်ရိက္ခာစပါး ဈေးနှုန်းအတိုင်း ၀ယ်ယူခြင်းမပြုဘဲ ကျဆင်းနေသည့် ပြင်ပ စပါးပေါက်ဈေးအတိုင်း ၀ယ်သဖြင့် လယ်သမားများ နစ်နာနေခြင်းဖြစ်သည်။

''ဒိုင်အဖွဲ့တွေက ခါတိုင်းနှစ်တွေလို လယ်သမားတွေဆီက ဒိုင်ဖွင့်ပြီး မ၀ယ်တော့ဘဲ ကုန်သည်တွေလို အပြင်မှာ အပြင်ပေါက်ဈေးနဲ့ပဲ ၀ယ်လိုက်ကြတယ်။ စပါးကလည်း ၀ယ်မယ့်သူမရှိ၊ ဈေးနှုန်းကလည်း ကျနေတဲ့ အချိန်ဆိုတော့ သူတို့က ဒီလို ၀ယ်နေတော့ ပိုပြီးနစ်နာရတာပေါ့'' ဟု မြစ်ကြီးနား ဒေသခံ လယ်သမားတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နှစ်က ယခုအချိန်တွင် စပါးတတင်း ပြင်ပပေါက်ဈေးမှာ ကျပ် ၄ ထောင်မှ ၅ ထောင်အကြား ရှိသော်လည်း တပ်ရိက္ခာအတွက် တတင်းကို ကျပ် ၃ ထောင် နှုန်းနှင့်သာ ပေးဝယ်ခဲ့ပြီး၊ ယခုနှစ်တွင်လည်း သတ်မှတ်ဈေးမှာ ဆက်လက်၍ ကျပ် ၃ ထောင်ရှိသည်။

သို့သော်လည်း ပြင်ပပေါက်ဈေးမှာ နယ်မြေအလိုက် စပါးတတင်းလျှင် ကျပ် ၁၃၀၀ မှ ၂၅၀၀ ကျပ်အထိ ရှိနေချိန်တွင် ဒိုင်အဖွဲ့များက သတ်မှတ်ဈေးနှုန်း ကျပ် ၃ ထောင်ဖြင့် မ၀ယ်တော့ဘဲ ပြင်ပကုန်သည်များကဲ့သို့ အပြင် ကျဈေးဖြင့်သာ လိုက်ဝယ်နေခြင်း ဖြစ်သည်။

စပါးဈေးနှုန်း မြင့်မားသည့် နှစ်များတွင်လည်း လယ်သမားများက တဧကလျှင် စပါး ၁၀ တင်းနှုန်းကို ပြင်ပပေါက်ဈေးထက် လျှော့ချကာ မဖြစ်မနေ ရောင်းချပေးခဲ့ရသည်။ စပါးဝယ်မည်ဆိုလျှင် ရယက ရုံးများတွင် တရားဝင် ကြေညာသော်လည်း ယခုနှစ်တွင် ကြေညာခြင်း မရှိသလို၊ လယ်သမားများမှာ ယခုနှစ်စပါးဈေး သိသာစွာ ထိုးကျနေသဖြင့် အရှုံးပေါ်နေရကြောင်း သူက ဆက်ပြောသည်။

''ဒီနှစ်မိုးစပါးစိုက်ချိန် စပါးရွက် (မျိုးစပါး) ပေါက်ဈေးက တတင်း ၃၅၀၀ ကျပ် ရှိတယ်။ အခုထွက်ဈေးနဲ့ဆိုရင် ၁၅၀၀ ကနေ ၂၀၀၀ လောက်အထိ အရှုံးပေါ်နေတယ်။ ခန့်မှန်းခြေ တဧကကို ကုန်ကျစရိတ်က ၁ သိန်းနဲ့ ၁ သိန်းခွဲကြား ရှိတယ်။ စိုက်ပျိုးစရိတ်က ၂ သောင်းခွဲ၊ ရိတ်သိမ်းစရိတ်က ၂ သောင်းခွဲ၊ စားစရိတ် လယ်ထွန်ခ မြေသြဇာခ စရင်းငှားခက တဧကကို တတင်းခွဲနှုန်း ပေးရသေးတယ်။ စပါးအထွက်နှုန်းက မိုးများတော့ စပါးမအောင်ဘူး'' ဟု သူက ပြောသည်။

မိုးစပါးများ သီးစအချိန်တွင် မိုးများသဖြင့် လယ်ကွက်အတွင်း ရေ၀ပ်ကာ မှည့်ချိန်တန် မမှည့်တော့ဘဲ စပါးအဖျင်း များလာကာ တဧကအထွက်နှုန်း ၂၅ တင်းမှ တင်း ၅၀ ကြားသာ ထွက်ရှိကြောင်းလည်း သိရသည်။

မြန်မာပြည်တွင် စပါးနှင့် ဆန်းဈေးများ ယခုလို ထိုးကျနေသဖြင့် စပါးစိုက်တောင်သူများ အကျပ်အတည်း ဖြစ်နေချိန်တွင် အာဏာပိုင်များက တရုတ်ဘက်သို့ ဆန်နှင့် စပါးတင်ပို့ခွင့် ပေးထားကြောင်း မူဆယ်ကုန်သည်များ အသင်းက ပြောသည်။

သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီများကို တရုတ်ဘက်သို့ ဆန်တင်ပို့ခွင့်ကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလပိုင်းမှ စတင်၍ တင်ပို့ခွင့်လိုင်စင်များ ချပေးနေပြီး အချို့ကုမ္ပဏီများ ဆန်တင်ပို့လျက် ရှိသည်။

''သွင်းကုန်ထုတ်ကုန်လုပ်တဲ့ ကုမ္ပဏီတွေကို ဆန်တင်ပို့ခွင့် လိုင်စင်တွေတော့ ၁၂ လပိုင်းလောက်က ချပေးထားတယ်၊ ပို့တော့ ပို့နေကြတယ်။ တရုတ်ကတော့ ဗမာဆန် စားဖို့မဟုတ်ဘူး ထင်တယ်။ ဆန်နဲ့လုပ်တဲ့ မုန့်လုပ်ငန်းတွေမှာ အသုံးပြုတာတွေ ရှိတယ်'' ဟု မြစ်ကြီးနားဒေသခံက ပြောသည်။

လိုင်ဇာလမ်းကြောင်းမှ ဆန်တင်ပို့မှုများ ရှိသော်လည်း တရုတ်ဘက်ကမူ မြန်မာဆန်များ အ၀င်ပိတ်ထားကြောင်း ဒေသခံ ကုန်သည်တဦးက ပြောသည်။

''ဆန်က တရုတ်ဘက်က ပိတ်ထားတယ်။ စီးပွားရေးကျတော့ တရုတ်ဆန် ၀ယ်လိုအားမြင့်လာအောင် ဗမာဆန် ပိတ်ထားတာ ဖြစ်နိုင်တယ်" ဟု သူက ဆိုသည်။

အာဏာပိုင်များက မူဆယ်လမ်းကြောင်းတွင် ဆန်တင်ပို့ခွင့် ပြုထားသော်လည်း တရုတ် အ၀ယ်ဈေးနှုန်း နိမ့်ကျလွန်းသဖြင့် ဆန်သွင်းသည့် ကုမ္ပဏီများ အလုပ်မဖြစ်ကြောင်း မူဆယ်မှ ကုန်သည်တဦးကလည်း ပြောသည်။
(မဇ္ဈိမသတင်းဌာနမှ)

No comments: