သန်းထိုက်ဦး | |
သောကြာနေ့၊ ဇန်နဝါရီလ 09 2009 16:52 - မြန်မာစံတော်ချိန် | |
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မှ အလှမ်းဝေးသည့် နယ်ထောင်များတွင် နှစ်ရှည်ထောင်ဒဏ် ကျနေသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများထံ ထောင်ဝင်စာသွားတွေ့သည့် မိသားစုဝင်အချို့ တွေ့ဆုံခွင့်မရဘဲ ပြန်လာရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် အကျဉ်းကျနေသည့် နာမည်ကျော် ဟာသသရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုဇာဂနာထံ မိသားစုဝင်များသည် ယခုလ ၂ ရက်နေ့က ထောင်ဝင်စာသွားတွေ့ရာ ယခုလအတွင်း တွေ့ခွင့်မပြုကြောင်း ထောင်အာဏာပိုင်များက ပြောဆိုခဲ့သည်။ "အကုန်လုံးလို့ ပြောတယ်။ သီးသန့်ကျတဲ့လူတွေ အကုန်လုံးကို တွေ့ခွင့်မပေးဘူးတဲ့။ ဒီတလထဲပါတဲ့။ တခြားတော့ ဘာမှမပြောဘူး။ 'အပေါ်က (အထက်လူကြီးများ) က ပိတ်ခိုင်းလို့' ပဲ ပြောတယ်" ဟု ကိုဇာဂနာ၏ အကိုဖြစ်သူ ဦးတေဇက မဇ္ဈိမကို ပြောသည်။ ရန်ကုန်နေ မိသားစုဝင်များအတွက် မြစ်ကြီးနားသို့ ထောင်ဝင်တွေ့ရေးအတွက် အနိမ့်ဆုံး အသွားအပြန် လေယာဉ်ခမှာပင် တသိန်းနှစ်သောင်း ကျပ် ကုန်ကျသဖြင့် အများစုက ၃ ရက်ကြာသွားရသော ရထားကိုသာ အသုံးပြုကြသည်။ ကိုဇာဂနာသည် အင်တာနက်ကို အသုံးပြုပြီး အစိုးရကို အကြည်ညိုပျက်စေရန် ပြုလုပ်ခြင်းအပါအ၀င် အခြားနိုင်ငံရေးဆိုင်ရာ ပြစ်မှုများဖြင့် ထောင်ဒဏ် ၅၉ နှစ် ပြစ်ဒဏ်ချမှတ်ခံနေရသည်။ အလားတူပင် ရှမ်းပြည်နယ် တောင်ကြီးထောင်၌ အကျဉ်းကျခံနေသည့် အားကစားဂျာနယ် အယ်ဒီတာတဦးဖြစ်သူ ကိုဇော်သက်ထွေး၏ မိသားစုဝင်များနှင့် ပဲခူးတိုင်း သရက်ထောင်တွင် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ မနီလာသိန်း၏ မိသားစုဝင်များလည်း ထောင်ဝင်စာများ တွေ့ခွင့်မရဘဲ ဖြစ်နေသည်။ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ မှ တွဲဘက် အထွေထွေအတွင်းရေးမှူး ကိုဘိုကြည်က မိသားစုဝင်များအား ထောင်ဝင်စာ ပေးမတွေ့ခြင်းသည် နိုင်ငံရေးအကျဉ်းသားများအား မတရား ပြစ်ဒဏ်ထပ်ပေးခြင်းဖြစ်သည်ဟု ပြောသည်။ "နိုင်ငံရေး အကျဉ်းသားတွေကို သက်သက်မဲ့ အပြစ်ဒဏ်ပေးတာပဲ။ အကျဉ်းထောင်မှာ ဘာပြစ်မှုမှ ကျူးလွန်တာ မဟုတ်ဘူး။ အဲဒီလို ပြစ်မှုကျူးလွန်တာ မရှိဘဲနဲ့ မိသားစုနဲ့ တွေ့ခွင့်မပေးတာက နိုင်ငံရေး အကျဉ်းသားတွေကို သက်သက်မဲ့ အငြိုးအတေးနဲ့ ပြစ်ဒဏ်ပေးသလို ဖြစ်နေတယ်" ဟု ကိုဘိုကြည်က ပြောသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ရဟန်းသံဃာများက ဦးဆောင်ပြီး အနှစ် ၂၀ ကြာ သောင်မတင် ရေမကျ ဖြစ်နေသော မြန်မာ့နိုင်ငံရေးကို အဆုံးသတ်ရန်နှင့် စစ်အစိုးရနှင့် အတိုက်အခံများအကြား တွေ့ဆုံဆွေးနွေး အဖြေရှာရန်အတွက် မေတ္တာရပ်ခံ ဆန္ဒပြပွဲများသည် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် ဖြစ်ပွားခဲ့သည်။ ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သဖြင့် ဖမ်းဆီးခံခဲ့ရသည့် သံဃာတော်များ၊ ကျောင်းသားလူငယ်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များအား ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ဒုတိယ ပတ်အတွင်းမှ စတင်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့အပါအ၀င် နယ် အကျဉ်းထောင်များဆီ ပြောင်းရွှေ့ချထားခဲ့သည်။ အေအေပီပီ ပြုစုထားသည့် စာရင်းအရ စစ်အစိုးရက ပြစ်ဒဏ်ချခဲ့သည့် ၄၁၀ ဦးတွင် ရဟန်းသံဃာ ၁၄၆ ပါး၊ အမျိုးသမီး ၁၂၆ ဦးနှင့် အမျိုးသား ၁၃၈ ဦး ရှိကြောင်းနှင့် မြန်မာတနိုင်ငံလုံးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၃၇ ဦး ရှိကြောင်း သိရသည်။
|
Friday, January 9, 2009
နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာ ပိတ်ပင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment