Thursday, January 15, 2009

မြန်မာပြည် ပြောင်းလဲရန် အချိန်တန်ပြီဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

သန်းထိုက်ဦး
ကြာသပတေးနေ့၊ ဇန်နဝါရီလ 15 2009 16:38 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် အပြောင်းအလဲဖြစ်ရန် အချိန်တန်ပြီဟု ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ်က ယမန်နေ့က ပြောကြားသည်။

ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များအသင်း (The Foreign Correspondents Club of Thailand) ၏ ယမန်နေ့က ပြုလုပ်သော ညစာစားပွဲတွင် ထိုင်းနိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံအကြောင်း သူက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသမျှသည် ဒေသတွင်းတခုလုံးသို့ အကျိုးရလဒ် သက်ရောက်စေသဖြင့် ပြောင်းလဲမှုများ ဖြစ်ထွန်းပေါ်ပေါက်ရန် အချိန်သင့်ပြီဖြစ်သောကြောင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်များကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် မစ္စတာ အဖိဆစ် ဝေ့ခ်ျချာချီဝ Abhisit Vejjajiva က သတင်းထောက်များကို ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် ဗဟိုတရားရုံးတော်က ဆုံးဖြတ်ခဲ့သဖြင့် ပြည်သူ့အင်အားပါတီ People Power Party (PPP) အပါအ၀င် ယခင် ညွှန့်ပေါင်းအစိုးရအဖွဲ့မှ ပါတီငယ် ခေါင်းဆောင်များပါ ရာထူးမှ နုတ်ထွက်ပေးရပြီးနောက် ပါလီမန်အတွင်း အစိုးရအသစ် ရွေးချယ်ဖွဲ့စည်းရာ ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ မစ္စတာ အဖိဆစ် က ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ် စတင်၍ တာဝန်ယူရစဉ် သူက 'ကျနော်တို့ အားလုံးက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်တာကို မြင်တွေ့လိုပါတယ်' ဟု သတင်းထောက်များကို ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုခဲ့သေးသည်။

No comments: