Tuesday, January 20, 2009

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် (၁၂) ရာခိုင်နှုန်းမျှ ကျဆင်း

မင်းနိုင်သူ/ ၂၀ ဇန်န၀ါရီ ၂၀၀၉


ယမန်နေ့က ထုတ်ပြန်လိုက်သော ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်များအား အကူအညီပေးနေသည့် လူမှုရေးအဖွဲ့အစည်း (TBBC) ၏ ထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း မြန်မာဒုက္ခသည်ပေါင်း တသိန်းသုံးသောင်းကျော်ရှိနေသည့်အတွက် (၂) နှစ်အတွင်း (၁၂) ရာနှုန်း ကျဆင်းသွားသည်။

ယမန်နေ့ ရက်စွဲဖြင့်ဖော်ပြထားသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်တွင်မူ တသိန်းတသောင်းကျော်ရှိကြောင်း ဖော်ပြထားသည်။ သို့ရာတွင် UNHCR ၏ စာရင်းတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးသူများ၊ စိစစ်ဆဲနှင့် ကျောင်းသားအချို့သာ ပါဝင်ပြီး အသစ်ရောက်ရှိ ခိုလှုံလာသူများကိုမူ ထည့်တွက် ဖော်ပြထားခြင်း မရှိသေးပေ။

ဒုက္ခသည်ဦးရေ လျော့သွားသည့်ကိစ္စနှင့် ပတ်သက်၍ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီကို မေးရာ “တတိယနိုင်ငံတွေကို သွားချင်လို့ ဒုက္ခသည်မဟုတ်ဘဲ ကူးပြောင်းရောက်ရှိလာသူတွေကို စိစစ်လိုက်တဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ တကယ် ဒုက္ခသည်ဦးရေကတော့ လျော့ကျသွားခြင်းမရှိပါဘူး။ ဒုက္ခသည်နှစ်သောင်းလောက်ထွက်သွားရင် နှစ်သောင်းလောက်ပြန်ဝင်လာတာပါပဲ” ဟု ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ထွေးက ရှင်းပြသည်။

“စာရင်းအရ လျော့ကျသွားတယ်ဆိုပေမယ့် ပြည်တွင်းက လာရောက်ခိုလှုံတဲ့ ဒုက္ခသည်အရေအတွက် လျော့ကျသွားတာမျိုး မဟုတ်ဘူး။ တတိယနိုင်ငံတွေကို ကူးပြောင်းရောက်ရှိသွားတဲ့အတွက်လည်း ပါပါတယ်။ ဒါပေမယ့် စာရင်းပြုစုတဲ့အဖွဲ့ကိုလိုက်ပြီး အရေအတွက် ကွာခြားမှုတွေ ရှိနေပါတယ်။TBBC ရဲ့ စာရင်း၊ AMI ရဲ့ စာရင်း၊ UNHCR ရဲ့ စာရင်းတွေ မတူညီပါဘူး။ သူတို့ သတ်မှတ်တဲ့ စံနှုန်းတွေပေါ်မူတည်ပြီး ကွာခြားတတ်ပါတယ်” ဟု မယ်လဒုက္ခသည်စခန်း ဒု-ဥက္ကဋ္ဌ ဦးစောထွန်းထွန်းကလည်း ရှင်းလင်းပြောဆိုသည်။

TBBC ၏ စာရင်းများအရ ၂၀၀၆ နှင့် ၂၀၀၈ ခုနှစ် နှိုင်းယှဉ်ပါက မြန်မာဒုက္ခသည် (၁၂) ရာခိုင်နှုန်းမျှ လျော့ကျသွားသော်လည်း ဒုက္ခသည်အများဆုံးဖြစ်သည့် ကရင်လူမျိုးများသည် ရာခိုင်နှုန်း (၆၀) ကျော်ဖြင့် အများဆုံးဖြစ်နေသေးသည်။ ရှမ်းဒုက္ခသည်များအနေဖြင့်လည်း ချင်းမိုင်ဒုက္ခသည်စခန်းတွင် ၂၀၀၆ ခုနှစ်၌ (၆၀၄) ဦးရှိရာမှ ၂၀၀၈ ခုနှစ်တွင် (၆၆၆) ဦး ဖြစ်လာသည်။

ဒုက္ခသည်အများစုမှာ တပ်ခ်ဒေသရှိ စခန်းသုံးခုတွင် အများဆုံးရှိနေကြပြီး မဲဟောင်ဆောင်ဒေသတွင် ဒုတိယအများဆုံးရှိကာ ရဒ်ချာ့ဘူရီနှင့် ကန်ချနဘူရီဒေသများတွင်လည်း ရှိနေသည်။ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်အများစုမှာ ကရင်လူမျိုးများက အများဆုံးဖြစ်ကာ ၎င်းနောက်တွင် ကရင်နီ၊ တနင်္သာရီနှင့် မွန်တို့ အစဉ်အတိုင်းရှိနေသည်။

ယခုပေါ်ထွက်လာသော စာရင်းအရ ၂၀၀၆ ခုနှစ်နှင့် နှိုင်းဆပါက ဒုက္ခသည်စခန်းရှိ ကရင်နီ (၄) ရာခိုင်နှုန်း မြင့်တက်လာကာ တနင်္သာရီမှာ (၂) ရာခိုင်နှုန်းမျှ လျော့ကျခဲ့သော်လည်း မွန်မှာ (၅) ရာခိုင်နှုန်းအတိုင်းသာ တည်ရှိနေသည်။

၂၀၀၆ ခုနှစ် MOI နိုင်ငံတကာရွှေ့ပြောင်းသူများဆိုင်ရာအဖွဲ့အစီရင်ခံစာမှာ မြန်မာနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းမှ မြန်မာများအား အဓမ္မရွေ့ပြောင်းသူများအဖြစ် ထိုင်းအစိုးရက သတ်မှတ်ကြောင်းဖော်ပြထားပြီး ယင်းစခန်းများမှ ဒုက္ခသည်များအနေဖြင့် UNHCR ထံ ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်မရှိဟု ထိုင်းအစိုးရက သတ်မှတ်ထားသည်။

မဲဆောက်မြို့နှင့် ဘန်ကောက်မြို့သို့ တိုက်ရိုက်ရောက်ရှိလာကာ ဒုက္ခသည်အဖြစ် လျှောက်ထားသူများကိုမူ ထိုင်းအစိုးရက နေရပ်ပြန်ရန် စိုးရိမ်ရသူများအဖြစ် သတ်မှတ်ထားပြီး မူလနိုင်ငံကို ပြန်မပို့ကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် UNHCR ထံ ထပ်မံလျှောက်ထားပါက လျှောက်ထားချက် အတည်မပြုမီ ဒုက္ခသည် လျှောက်ထားသူများအဆင့်ဟု သတ်မှတ်ပြီး UNHCR က တရားဝင်အသိအမှတ်ပြုပြီးပါက တတိယနိုင်ငံ တခုခုတွင် ပြောင်းရွှေ့အခြေချခွင့်ရှိကြောင်း MOI အစီရင်ခံစာ၌ ရှင်းလင်းဖော်ပြထားသည်။

No comments: