Monday, January 12, 2009

လေးဖြူ စင်မြင့်ဖျော်ဖြေရေး တကျော့ပြန်လာမည်

ဖနိဒါ
တနင်္လာနေ့၊ ဇန်နဝါရီလ 12 2009 18:55 - မြန်မာစံတော်ချိန်


ချင်းမိုင်(မဇ္ဈိမ)။ ။ နာမည်ကြီး ရော့ခ်အဆိုတော် လေးဖြူသည် ယခုလအတွင်း စင်မြင့်ဖျော်ဖြေရေး စတင်တော့မည်။

နာမည်ကျော် ဂီတ၀ိုင်းဖြစ်သည့် Iron Cross - IC မှ ပင်တိုင်အဆိုတော် လေးဖြူသည် ၃ နှစ်တာ စင်မြင့်ဖျော်ဖြေရေးတွင် ပျောက်ဆုံးနေရာမှ ယခုလ နှောင်းပိုင်းတွင် မန္တလေးမြို့ ဆီဒိုးနားဟိုတယ်၌ စတင်၍ သီဆိုသွားမည်။

"စဆိုမှာကတော့ မန္တလေး အရင်စမယ်။ ကျနော်တို့ IC အဖွဲ့နဲ့ အခုဆိုမှာက ရိုးရိုးပုံမှန် ရှိုးပွဲပါ" ဟု ဖြစ်ကြောင်း IC မှ Bass ဂီတာတီးခတ်သူ ကိုခင်မောင်သန့်က မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့ ဒေသခံတဦးကလည်း "ဟုတ်တယ်။ စီဒိုးနားမှာ လုပ်မယ်ပြောတယ်။ ဒါပေမဲ့ ရက်တော့ သေချာ မသိသေးဘူး။ ၂၄၊ ၂၅ ရက် ဆိုမယ်လို့ ကြားနေရတယ်။ လေးဖြူပါမယ်။ ဒီမှာက တရားဝင် ကြေညာထားတာတော့ မရှိသေးဘူး" ဟု ပြောသည်။

လူငယ်ထုအကြား လူကြိုက်များ ရေပန်းစားကာ အောင်မြင်နေသူ အဆိုတော် လေးဖြူသည် တေးစီးရီးများကို ဆက်လက်၍ ထုတ်လုပ်လာသော်လည်း ၂ဝဝ၅ ခုနှစ်ကုန်ပိုင်းမှ စတင်ကာ စတိတ်ရှိုးး သီဆိုခြင်းကို ၃ နှစ်ကျော် ရပ်နားထားရာမှ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ပြီးခဲ့သည့် သြဂုတ်လက ကျင်းပခဲ့သော နာဂစ်ရန်ပုံငွေ စတိတ်ရှိုး၌ ပထမဦးဆုံး စင်ပေါ်ပြန်တက်ခဲ့သည်။

နာဂစ်ရန်ပုံငွေပွဲကို Sponsor ပြုလုပ်ခဲ့သည့် ALPINE သောက်ရေသန့် ကုမ္ပဏီကပင် ယခု မန္တလေးဖျော်ဖြေရေးကို တာဝန်ယူသွားမည် ဖြစ်သည်။

လေးဖြူသည် "ကန္တာရလမင်း" တေးစီးရီးဖြင့် မြန်မာ့ဂီတလောကသို့ စတင်ဝင်ရောက်ကာ "အလင်းရောင်" သီချင်းဖြင့် ၁၉၉၂ ခုနှစ် နှောင်းပိုင်းမှစ၍ နာမည်ရလာကာ IC တီးဝိုင်းနှင့် တွဲဖက်၍ တကိုယ်တော် တေးစီးရီးပေါင်း ၁၃ ခွေ ထွက်ရှိခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ၁၃ ခွေမြောက် တကိုယ်တော် တေးစီးရီးဖြစ်သော "ဘင်္ဂလား ပင်လယ်အော်" ကို IC တေးထုတ်လုပ်ရေးမှ ဖြန့်ချိခဲ့ရာ အရောင်းရ တွင်ကျယ်ခဲ့သည်။

No comments: