NEJ/ ၁၄ ဇန်န၀ါရီ ၂၀၀၉ | |||
ရန်ကုန်မြို့ရှိ ဈေးများတွင် မကြာခဏ မီးလောင်ခြင်း၊ မီးလန့်ခြင်း စသည့် ပြဿနာများကြောင့် ဈေးကော်မတီ၊ ဈေးတာဝန်ရှိသူများက အမိန့်အမျိုးမျိုး၊ ကန့်သတ်ချက်အမျိုးမျိုး ထုတ်လာသည့်အတွက် ဈေးသည်များ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ယုဇန ပလာဇာ မြေညီထပ် ဆိုင်ခန်းမှ အထည်ရောင်းချသူ တဦးက “မီးလောင်ပြီးတဲ့နောက် ဆိုင်ရှေ့ကို ပစ္စည်းတွေ ခင်းတာ လုပ်ခွင့်မပေးတော့ဘူး။ ဆိုင်ခန်းတွေက အလွန်ကျဉ်းတော့ ဆိုင်ခုံပေါ်မှာပဲ ပစ္စည်းတွေ တင်ထားရတယ်။ ရောင်းရတာ အဆင်မပြေဘူး။ နောက် ပန်ကာလည်း သုံးခွင့်မပြုဘူးတဲ့။ မီးပလပ်ပေါက်တောင် ထားခွင့်မပြုဘူးဆိုပြီး အမိန့်ထုတ်ထားတော့ မီးကလည်း မမှန်၊ အဲယားကွန်းကလည်း မရှိနဲ့ အတော်ဒုက္ခ ရောက်တယ်။ အဆိုးဆုံးက မီးလောင်သွားတဲ့ မြေညီထပ် အက်ဖ် (၁၉) အပါအဝင် ဆိုင်ခန်း (၄) ခန်းကို ကွန်ကရစ်ကြမ်းခင်းမှာ အလူမီနီယံနဲ့ ကာတဲ့ပုံစံ စံပြအဖြစ် ဆောက်နေတယ်။ အဲဒါ ပြီးရင် လက်ရှိဆိုင်ခန်း အားလုံး အဲဒီပုံစံဖြစ်အောင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပြန်ပြင်ဆောက်ရမယ် ဆိုတာကြောင့် အားလုံး စိတ်ညစ်နေကြတယ်” ဟု ပြောသည်။ အလားတူ မင်္ဂလာဈေး၌လည်း လျှပ်စစ်ပစ္စည်းများ စမ်းသပ်ရောင်းချရန် သွယ်တန်းထားသည့် ကြိုးများကို ဖြုတ်သိမ်းရန် ညွှန်ကြားထားခြင်းကြောင့် ဈေးသည်များ အခက်တွေ့နေကြသည်။ ဆိုင်ခန်းပိုင်ရှင် တဦးက လျှပ်စစ်ပစ္စည်း ရောင်းသည့် ဆိုင်များအနေဖြင့် ပစ္စည်းများကို စမ်းသပ်ပြရန် လျှပ်စစ်မီး မသုံးရပါက မည်သို့ ရောင်းရမလဲ ဆိုပြီး မေးခွန်းထုတ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၁၄) ရက်က ယုဇန ပလာဇာ မြေညီထပ် ဆိုင်ခန်း (၄) ခန်း မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုဖြစ်ပွားရခြင်းမှာ လျှပ်စစ်မီးပျက်ချိန် ခလုတ်ပိတ်ရန် မေ့သွားပြီး ရေအေးစက် မီးပြန်လာသည့်အခါ အပူလွန်ပြီး ဝိုင်ယာရှော့ဖြစ်ကာ လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ မကြာခဏ မီးလောင်ရခြင်းသည် အစိုးရက လျှပ်စစ်မီးကို ပေးလိုက် ဖြတ်လိုက်လုပ်ခြင်း၊ မီးပေးသည့်အခါ၌လည်း သင့်တော်သည့် (၂၂ဝ) ဗို့ ဓာတ်အား မပေးဘဲ တက်လိုက်ကျလိုက် မတည်ငြိမ်ခြင်း၊ ဈေးများသာမက တနိုင်ငံလုံးတွင် သွယ်တန်းထားသည့် ဓာတ်ကြိုးများ၊ မီးပစ္စည်းများသည် စံချိန်စံညွှန်း မမီဘဲ ဖြစ်သလို သွယ်တန်း တပ်ဆင်ထားခြင်း၊ ဈေးများ တည်ဆောက်ထားပုံမှာလည်း စည်ပင်သာယာက ဆိုင်ခန်းများများ ရောင်းပြီး ငွေများများ ရစေရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းကြောင့် ဆိုင်ခန်းများကျဉ်းကာ ကြပ်ညှပ်၊ လူသွားလမ်းများ ပိတ်ဆို့သည့် အခြေအနေမျိုး ရောက်နေခြင်း၊ မီးလောင်ပါက မည်သို့ ကြိုတင်ကာကွယ်မည်ဆိုသည့် ကြိုတင်ပြင်ဆင် လေ့ကျင့်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြည်သူများက သုံးသပ်နေကြသည်။ သို့သော် အစိုးရနှင့် ဈေးတာဝန်ရှိသူများကမူ မီးလောင်မှုဖြစ်တိုင်း ဆိုင်ခန်းပိုင်ရှင်များနှင့် ဈေးရောင်းချသူများကိုသာ အမျိုးမျိုး အပြစ်ပုံချလေ့ရှိပြီး လိုက်နာရန် ခက်ခဲသည့် အမိန့်စည်းကမ်း အမျိုးမျိုး ထုတ်သည့်အတွက် ဈေးသူဈေးသားများ အခက်အခဲတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။ |
Wednesday, January 14, 2009
အမိန့်မျိုးစုံကြောင့် ဈေးသည်များ ဒုက္ခရောက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment