Monday, February 16, 2009

ကိုဇာဂနာ ထောင်ဒဏ် ၂၄ နှစ် လျော့ပေး

သန်းထိုက်ဦး
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 16 2009 17:01 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နာမည်ကျော် ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရကို ရန်ကုန် တိုင်းတရားရုံးက ယခုလ ၁၃ ရက်နေ့တွင် ထောင်ဒဏ် ၂၄ နှစ် လျှော့ပေးလိုက်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် ရှိနေသော ကိုဇာဂနာသည် ယခုအခါ ၃၅ နှစ်သာ စုစုပေါင်း ကျခံရတော့မည်ဖြစ်သည်။

"ရှေ့နေတွေက လာပြောတယ်၊ ၁၃ ရက်နေ့က။ အဲဒီ လျှော့ရက်ကို စီရင်ချက်ချတယ်။ စီရင်ချက်ချတော့ ရုံးကနေအပြန် ရှေ့နေက အိမ်မှာ လာဝင်ပြောတယ်" ဟု ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးက မဇ္ဈိကို ပြောသည်။

ယခုလို ပြစ်ဒဏ်လျှော့ချမှုသည် ပြီးခဲ့သည့် စနေနေ့မှ စတင်၍ မြန်မာပြည်သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဂျီ ကွင်တားနား၏ ခရီးစဉ်မတိုင်မီ တရက်အလိုတွင် ဖြစ်သည်။

"ကိုယ့်လက်ထဲ သြဇာရှိလို့ ချကြတာ ချဆိုပြီးတော့ တုန်လှုပ်မှု မရှိခဲ့ပါဘူး။ အခုလို ၂၄ နှစ် လျှော့လိုက်တာလည်း ၀မ်းသာမှု မရှိပါဘူး" ဟု ဒေါ်ကြည်ဦးက ပြောသည်။

အမှုအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးဇော်လင်းက " (ထောင်ဒဏ်) များလွန်းတော့ သူတို့သဘောနဲ့ သူတို့ လျှော့တာပဲ ဖြစ်မှာပါ'' ဟု ပြောသည်။

သူ့ကို အင်တာနက် အသုံးပြုပြီး အစိုးရကို အကြည်ညိုပျက်အောင် လုပ်သည်ဟုဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခဲ့ရာမှ ယခုအခါ တမှုလျှင် ၈ နှစ်စီဖြင့် စုစုပေါင်း ၂၄ နှစ် လျှော့ပေးခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိသည့် ထောင်ဒဏ် ၃၅ နှစ်အတွက်လည်း လာမည့်ရက်သတ္တပတ်တွင် ဗဟိုတရားရုံးသို့ အယူခံ ဆက်ဝင်မည်ဟု မိသားစုဝင်များက ပြောသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့၌ အင်းစိန်ထောင်တွင်း တရားရုံးက အီလက်ထရောနစ် အက်ဥပဒေ ၃ ခုဖြင့် ထောင် ၄၅ နှစ်၊ နောက်ပိုင်းတွင် အနောက်ပိုင်း ခရိုင်တရားရုံးက နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနှင့် ဗီဒီယိုအက်ဥပဒေ အပါအ၀င် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ပြန်ရာ ထောင်ဒဏ် ၅၉ နှစ် ဖြစ်သွားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လတွင် ဧရာဝတီတိုင်း နာဂစ်လေဘေးသင့် ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် သူ့အား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုဇာဂနာသည် အာဏာပိုင်များအပေါ် ဟာသပြက်လုံးများ ထုတ်ကာ ပြောဆိုဝေဖန်တတ်သဖြင့် အကြိမ်ကြိမ် ခေါ်ယူစစ်ဆေးခံရ၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ကိုဇာဂနာနှင့် အမှုတွဲများတွင် အီလက်ထရောနစ် ပုဒ်မများဖြင့် ထောင်ကျခံထားရသူ ဘောလုံးသတင်း ဆောင်းပါးရေးသူ ကိုဇော်သက်ထွေး၊ ကိုသန့်ဇင်အောင်၊ ကတုံး (ခေါ်) ကိုတင်မောင်အေး ကိုလည်း ထောင်ဒဏ်များ လျှော့ချပေးခဲ့သည်။

ယခုအခါ ကိုဇာဂနာသည် မြစ်ကြီးနားထောင်၊ ကိုဇော်သက်ထွေးမှာ တောင်ကြီး၊ ကိုသန့်ဇင်အောင် ဘားအံနှင့် ကတုံး (ခေါ်) ကိုတင်မောင်အေးမှာ မြင်းခြံထောင်တွင် ရှိနေသည်။

No comments: