Friday, February 13, 2009

နိုင်ငံစုံ အနုပညာရှင်များက ဒေါ်စုလွတ်မြောက်ရေး စုဝေးကြမည်

ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009 16:52 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ အနုပညာရှင်များက အမေရိကန်နိုင်ငံ နယူးယောက်၌ လာမည့် စနေနေ့တွင် တွေ့ဆုံကာ ထိန်းသိမ်းခံ ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အကြောင်းကို အများသိအောင် လုပ်ဆောင်သွားမည်။

တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု ပြဿနာနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပြီး၊ FREEDOM & ART အမည်ရ စာအုပ်အား အရောင်းမြှင့်တင်ရေးပါ လုပ်သွားမည်ဟု ပွဲဖြစ်မြောက်ရေး စီစဉ်သူများက ပြောဆိုခြင်း ဖြစ်သည်။

"အဓိက ရည်ရွယ်ချက်ကတော့ အောင်ဆန်းစုကြည် လွတ်မြောက်ရေးပဲ" ဟု အမေရိကန်အခြေစိုက် FREEDOM & ART မှ ပြန်ကြားရေးနှင့် ဆက်ဆံရေး မန်နေဂျာ Glenys R. Flaitz က မဇ္ဈိမကို ပြောသည်။

ကမ္ဘာတလွှားမှ အနုပညာရှင် ၇၄ ဦးက Freedom & Art စာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် မှတ်သားဖွယ် ပြောစကားများ၊ ကာတွန်းရုပ်ပုံလွှာများ ထည့်သွင်း ရေးသားထားသည်။

စာအုပ်ရောင်းရငွေကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးသို့ လှူတန်းသွားမည် ဖြစ်သည်။

Freedom & Art လက်အောက်ရှိ Mirca အနုပညာအဖွဲ့သည် နိုင်ငံတကာမှ အနုပညာရှင်များကို စည်းရုံးပြီး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေသော အဖွဲ့လည်း ဖြစ်သည်။

၂၀၀၈ ခုနှစ် မတ်လကတည်းက အစီအစဉ်ကို စတင်ခဲ့ကြသည်။

ထို့နောက် စက်တင်ဘာလ အတွင်းက စာအုပ်တအုပ် ဖြန့်ချိခဲ့သေးသလို၊ ယခုလ ၁၄ ရက်နေ့တွင်မူ ဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်လိုက်ခြင်းလည်း ဖြစ်သည်။

"အမေရိကန်ပြည်သားတွေ မြန်မာပြည်အကြောင်း သိကြပေမယ့် ဘာဖြစ်နေသလဲဆိုတာကို တကယ်တမ်း မသိပြန်ဘူး" ဟု Flaitz က ပြောသည်။

ဆွေးနွေးပွဲတွင် နယူးစ်ဝိခ်မဂ္ဂဇင်းကြီးမှ အထွေထွေအယ်ဒီတာ Maura Stephens၊ ဓာတ်ပုံဆရာ Stacie Freudenberg နှင့် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေတင်မြင့်၊ ကဗျာဆရာမ ဒေါ်ကြည်မေကောင်းက တယ်လီဖုံးမှတဆင့် ၀င်ရောက်ဆွေးနွေးကြမည်။

မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ်ဖြင့်သာ နေနေရသည်။

No comments: