ကိုဝိုင်း | |
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 16 2009 15:19 - မြန်မာစံတော်ချိန် | |
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပြည်သူများက ထောက်ခံခြင်းမပြုရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်တို့ ပါရှိသည့် ကျေညာချက်များကို ၈၈ မျိုးဆက် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) က ယခုလ ၁၂ ရက်နေ့တွင် မြင်းခြံမြို့၌ ဖြန့်ဝေခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်၏ ပြီးခဲ့သည့် လွတ်လပ်ရေးနေ့ ကျေညာချက်နှင့် ၂၀၀၈ ရှစ်လေးလုံးနေ့က ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) က ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ရှစ်လေးလုံး အနှစ် ၂၀ ပြည့် အထူးကျေညာချက်တွင် ''ပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကြီးအား အတိမ်းအစောင်းဖြစ်စေမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်လိုက်နောက်ပါ တစုတို့၏ ညာသံပေးမှုများအပေါ် အာရုံမထားကြဘဲ မိမိတို့၏ မူလရည်မှန်းချက်ပန်းတိုင်သို့ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက် ချီတက်ကြပါရန် တပ်လှန့်နှိုးဆော်အပ်ကြောင်း" ပါရှိသည်ဟု ကျောင်းသားလူငယ်များ အဖွဲ့ဥက္ကဋ္ဌ ကိုအေးလွင်က မဇ္ဈိမကို ပြောသည်။ မြင်းခြံမြို့ခံ မျက်မြင်တဦးကလည်း အဆိုပါ စာဖြန့်ဝေသည့်အဖွဲ့နှင့်အတူ ရဲ ၈ ဦးခန့်က လုံခြုံရေးအဖြစ် လိုက်ပါလာကြောင်းနှင့် ယခုတကြိမ်သည် မြင်းခြံမြို့၌ ဒုတိယအကြိမ် စာဖြန့်ခြင်းဖြစ်ကြောင်း ပြောသည်။ သူက "ကိုအေးလွင်တို့ အဖွဲ့က ကျနော်တို့ မြင်းခြံမှာ စာတွေ ပြည်ထောင်စုနေ့က ဝေသွားတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ခွင့်မပေးသင့်တဲ့အကြောင်း ရေးထားတယ်။ နောက်တခါ ၉၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုတဲ့အကြောင်း ပါတယ်။ သူတို့ဝတ်ထားတာက အင်္ကျီအဖြူနဲ့ ကချင်လုံချည်နဲ့၊ ရင်ထိုးက ခွပ်ဒေါင်း။ တမြို့လုံးအနှံ့၊ ဈေးထဲရော ပါတယ်။ ယူတဲ့လူလည်း ရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံသင့်တဲ့အကြောင်း လိုက်စည်းရုံးတာပေါ့" ဟု ပြောသည်။ ၁၉၄၇၊ ၁၉၇၄ ဖွဲ့စည်းပုံဥပဒေ၊ ၁၉၉၀ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲဝင်နိုင်ခြင်း မရှိသော ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုသောနည်းလမ်းကို သုံးခဲ့သဖြင့် မြန်မာ့ဒီမိုကရေစီလုပ်ငန်းစဉ်များ နောက်ဆုတ်ခဲ့ကြောင်းနှင့် နေအိမ်အကျယ်ချုပ်ဘဝမှ လွတ်လာသည့်တိုင် မူဝါဒလမ်းစဉ် ၇ ရပ် ဘောင်အတွင်းမှ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရနိုင်ကြောင်း ကိုအေးလွင်က ပြောသည်။ ပြည်ထောင်စုနေ့ အခမ်းအနားကို မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ တောင်တွင်းကြီးမြို့များတွင် အကျဉ်းချုံး လုပ်ခဲ့ပြီး၊ စာဖြန့်ဝေမှုကိုမူ မြင်းခြံတွင်သာ ပြုလုပ်ကာ၊ နတ်မောက်၊ ပေါက်၊ မြိုင်၊ မော်လမြိုင် အပါအဝင် အခြားမြို့များတွင် ပြည်ထောင်စုနေ့ မတိုင်ခင်ကတည်းက အဆိုပါ စာများ ဖြန့်ဝေခဲ့သည်။ အခြား နိုင်ငံရေးအတိုက်အခံ အဖွဲ့ဝင်များ၊ တက်ကြွလှုပ်ရှားသူများ၏ နိုင်ငံရေးသဘောထားများ၊ လူထုလှုံ့ဆော်မှုများကိုမူ အာဏာပိုင်များက ပိတ်ပင်ဖမ်းဆီးသော်လည်း ကိုအေးလွင်တို့ လှုပ်ရှားမှုကို ခွင့်ပြုသည့်အပေါ် မြင်းခြံမြို့ခံအများစုက မတရားပြုမှုတခုအဖြစ် ရှုမြင်နေကြောင်း မြင်းခြံမြို့ခံက ပြောသည်။ ကိုအေးလွင်တို့သည် နအဖ ၏ မူဝါဒလမ်းစဉ် ၇ ရပ်အား ထောက်ခံပြီး 'ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်'၊ '၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)' ဟူ၍ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ရန် စီစဉ်ထားသည်။
|
Monday, February 16, 2009
ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံရန် ကိုအေးလွင်အဖွဲ့ စာဖြန့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment