Tuesday, March 10, 2009

နိုင်ငံရေး အကျဉ်းသားဟောင်း ဖမ်းဆီးခံရ

ဖနိဒါ
တနင်္လာနေ့၊ မတ်လ 09 2009 16:12 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစိန်လှိုင်ကို ယခုလ ၆ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

စန်းချောင်းမြို့ ကျိုက်လတ်လမ်းပေါ်ရှိ စမ်းချောင်း တရားရုံးအနီး နေထိုင်သူ ကိုစိန်လှိုင် (အသက် ၄၄ နှစ်အရွယ်) ထံ မြို့နယ်ကောင်စီ ဥက္ကဋ္ဌနှင့်အတူ သတင်းရဲတပ်ဖွဲ့ (အက်စ်ဘီ) ၆ ဦးက ည ၁ နာရီခန့်တွင် လာရောက်ကာ မေးမြန်းရန်ဟု ပြောဆိုပြီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“ညက တချက်ထိုးလောက်မှာ လာခေါ်သွားတယ်။ အကုန်လုံးက အိပ်နေပြီဆိုတော့ အသံကြားတော့မှ နိုးလာတာ။ ဥက္ကဋ္ဌ ကိုယ်တိုင် လာတယ်။ အက်စ်ဘီ လူ ၆ ယောက်လောက် လာတယ်။ မေးမြန်းဖို့ ရှိတယ်လို့ ပြောပြီးတော့ ဖမ်းသွားပါတယ်” ဟု မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

“ရှေးဟောင်း အလှ အိမ်မြောင်ကြေးရုပ်လေးတွေ ဝယ်ထားတယ်။ အဲဒီ ကြေးရုပ်တွေကို ဘယ်က ဝယ်တာလဲ မေးနေတယ်။ ကိုစိန်လှိုင်က ပြန်ဖြေတာ ပန်းဆိုးတန်းက ဝယ်တာပါ ဆိုပြီး ပြောလိုက်တယ်။ သူ့ဘာသာသူ စီးပွားရေးလုပ်နေတယ်လို့ပဲ သိတယ်” ဟု သူက ဆက်ပြောသည်။

သူ့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မိသားစုမှာ မသိကြသေးပါ။

၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခဲ့ရာ ၁၉၉ဝ ခုနှစ်တွင် စစ်ခုံရုံးမှ နိုင်ငံရေးပုဒ်မအဖြစ် လူသိများသည့် အရေးပေါ် စီမံမှု ဥပဒေ ပုဒ်မ ၅ (ည)ဖြင့် ထောင်ဒဏ် ၁၄ နှစ် ချခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် သာယာဝတီထောင်မှ ပြန်လွတ်လာသည်။

“ဘာတွေ ဖြစ်ကုန်ကြပြီလဲ” ဟူသည့် စာရေးဆရာ မင်းလူ ရေးသားထားသည့် စစ်အစိုးရအား သရော်ထားသည့် စာအား ဖြန့်ဝေခဲ့သဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သရော်စာနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဘုန်းမြင့်ထွန်းက “မှတ်မိသလောက်က ရွေးကောက်ပွဲပြီးရင်၊ ဗိုလ်ချုပ်ကြီး စောမောင်က ပြောတယ်။ အာဏာ လွှဲပေးမှာပါတဲ့။ ဒါပေမဲ့ လွှဲတော့ လွှဲတယ်။ ပဋိက္ခပဲ လွှဲလိုက်ပါတယ်။ 'အနှစ် ၂ဝ လားဟေ့၊ ထောင်ဒဏ် တသက်တကျွန်းနဲ့ တပ်မတော်ကို ဖြိုခွဲမယ့်သူ ပုဒ်မ တပ်လိုက်ပုံများ၊ တပ်မတော်သာ အမိ - တပ်မတော်သာ အဖ ဆိုတဲ့ မျက်မှန်စိမ်း တပ်ထားသူလို လူစားမျိုး' ဆိုပြီးတော့ ပါတယ်” ဟု ပြောသည်။

ကိုစိန်လှိုင်သည် ထောင်မှထွက်လာပြီး အန်အယ်ဒီ တွင် ဖွဲ့ထားသည့် လူမှုအထောက်အကူပြုတွင် လုပ်ကိုင်ခဲ့ပြီး၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအား အားပေးကူညီခဲ့သည်ဟု အန်အယ်ဒီ လူငယ်တဦးက ပြောသည်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လုပ်တယ်ဆိုတာ လူမှုအထောက်အကူအဖွဲ့မှာပေါ့နော်။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို ကူညီတာပေါ့။ အားပေးစကားတွေ လိုက်ပြောတယ်ပေါ့ကွယ်။ အခမ်းအနားပွဲတွေ သွားတယ်” ဟု သူက ပြောသည်။

မိသားစုဝင်တဦးက “တူတွေ တူမတွေ၊ အမတွေကို သူပဲ လုပ်ကျွေးနေတာလေ။ အမတွေက အားလုံး ပင်စင်စားတွေ။ လူတိုင်းက ငါလုပ်ရင် ဖြစ်မယ် ဆိုပြီးမှ ထင်ကြတာ။ ကိုယ်မလုပ်ဘဲနဲ့လည်း ဖြစ်သွားတာတွေ ရှိတယ်။ အမတို့ကတော့ တရားသဘောအရ ကိုယ်လုပ်ချင်တဲ့၊ ရည်မှန်းထားတဲ့ အရာတွေရှိတယ်။ အဲဒါကိုပဲ နောက်ကလိုက်ပြီးတော့ ရေလိုက်ငါးလိုက်ပဲ နေလိုက်တော့တယ်။ အဲလိုပဲ မြင်ပါတယ်လေ” ဟု ပြောသည်။

No comments: