Wednesday, March 18, 2009


NEJ / မတ်လ(၁၈) ရက်၊ ၂၀၀၉
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်သည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်ကင်တားနား၏ အစီရင်ခံစာကို မတ်လ (၁၇) ရက်မနက်ပိုင်း၌ လူ့အခွင့်အရေးကောင်စီ၌ ဆွေးနွေးခဲ့ ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

အဆိုပါသတင်း၌ မြန်မာနိုင်ငံတွင် ကင်တားနား တွေ့ရှိခဲ့သည့်အပိုင်း၊ မြန်မာစစ်အစိုးရကိုယ်စားလှယ်က ပြန်လှန် ဆွေးနွေးချက်နှင့် ကင်တားနားအစီရင်ခံစာအပေါ် (၂၂) နိုင်ငံ ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးချက်တို့ကို အသေးစိတ်ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားသည့်ကိစ္စနှင့် ပတ်သက်ပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာ (၈) ရက်က နေပြည်တော်သို့ တင်ပြထားသည့်အမှု အခြေအနေနှင့် ပတ်သက်ပြီး စုံစမ်းခဲ့ကြောင်း ကင်တားနားက ရှင်းပြသည်။ ထိုအမှုကို လက်ခံရရှိကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရားသူကြီးချုပ်နှင့် ပြည်ထဲရေးအား စုံစမ်းရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ရှင်းပြခဲ့သည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဘက်လိုက်မှုမရှိဘဲ အမြန်ဆုံး ပြန်သုံးသပ်ပေးရန် တောင်းဆိုခဲ့ကြောင်း ကင်တားနားက ပြောသည်။

ဆက်လက်ပြီး ၂၀၀၈ ခု အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ (၄၀၀) ကျော်ကို ထောင်ဒဏ် (၂၄) နှစ်မှ (၆၅) နှစ်ထိ ချမှတ်ခဲ့ကြောင်း ဆက်ပြောသည်။

မြန်မာနိုင်ငံကို သွားရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ပြည်သူများ လူ့အခွင့်အရေးအခြေအနေ တိုးတက်စေရန် စစ်အစိုးရနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ လုပ်နိုင်ရန်ဖြစ်ကြောင်း ကင်တားနားက ပြောသည်။ ထို့ကြောင့် စစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ လူ့အခွင့်အရေးဆိုင်ရာ အဓိကအချက်လေးချက်ကို ပြုပြင်ပေးရန် တောင်းဆိုခဲ့ကြောင်း ဆက်ပြောသည်။

ကင်တားနားအစီရင်ခံစာနှင့် ပတ်သက်ပြီး သက်ဆိုင်သည့် မြန်မာနိုင်ငံကိုယ်စား သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်က ဖြေရှင်းရာတွင် ၎င်းအစီရင်ခံစာ၌ အစိုးရလုပ်သည့် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအကြောင်း မဖော်ပြဘဲ ဘက်လိုက်မှုရှိနေကြောင်း၊ အစီရင်ခံစာပါ စွပ်စွဲချက်များတွင်လည်း မြန်မာစစ်အစိုးရအား ဆန့်ကျင်နေသည့် သောင်းကျန်းသူ အကြွင်းအကျန်များ၊ အန်ဂျီအိုများလေသံနှင့် တထေရာတည်း ဖြစ်နေကြောင်း၊ ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူ (၂,၀၀၀) ကျော်ရှိသည်ဟု အစီရင်ခံစာတွင် မကြာခဏဖော်ပြနေသော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တဦးမျှမရှိကြောင်း ချေပပြောဆိုသည်။

ကင်တားနား၏ အစီရင်ခံစာအပေါ် (၂၂) နိုင်ငံမှ ၀င်ရောက်ဆွေးနွေးရာ...
-မြန်မာနိုင်ငံတွင်း တရားလက်လွတ်ဖမ်းဆီးမှုအပေါ် စိုးရိမ်ကြောင်း၊
-မြန်မာနိုင်ငံမှာ မီဒီယာကို စိစစ်မှု၊
-၂၀၁၀ ရွေးကောက်ပွဲမှာ အဖွဲ့အစည်းအားလုံးပါဝင်ခွင့်ရရေး၊
-လူမျိုးစုများအား ခွဲခြားဆက်ဆံမှု စသည့်အချက်များကို ထောက်ပြဆွေးနွေးခဲ့သည်။

နိုင်ငံအတော်များများက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၂၀၀) ကို အမြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုပြင် ၂၀၁၀ ရွေးကောက်ပွဲမှာ အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်မရဘဲ စစ်အစိုးရကို တရားဝင် အောင် လုပ်ပေးသည့် ရွေးကောက်ပွဲဖြစ်သွားမည်ကို စိုးရိမ်ကြောင်းလည်း ထောက်ပြသည်။




No comments: