Tuesday, March 24, 2009

အကျဉ်းထောင်ထဲက သူရဲကောင်းတွေအတွက် သစ်ချိုသီး

လင်းနွေးအိမ်
မတ် ၁၉၊ ၂၀၀၉ Linn Nwe Eain - The Courage Food for Political Prisoner

၊ ၁ ၊

သရဏဂုံသုံးပါးကို နေ့စဉ်ရွတ်ဖို့ ကျနော် ပျက်ကွက်ရင် ပျက်ကွက်နေလိမ့်မယ်၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတာကိုတော့ တနေ့ သုံး၊ လေးခါ ရွတ်ဖြစ်နေပါတယ်။ ဘာလို့လဲဆို သရဏဂုံသုံးပါး ရွတ်ရတာက ကိုယ့်အတွက်ကိုယ်သာ ရွတ်ရတာလို့ ယုံကြည်ပြီး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတာကတော့ မေတ္တာဘာဝနာ ပွားနည်း တမျိုးလို့ ယုံကြည်ထားလို့ ဖြစ်ပါတယ်။ မြန်မာပြည်က ၇ ရက် သားသမီးတွေ နိစ္စဓူဝ ကိစ္စတွေ ပြေလည်ဖို့ ကြိုးပမ်းနေကြတဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံရေးအကျဉ်းသား ဖြစ်သွားရသူတွေ မို့လို့လဲ ကျနော်က ဒီလို ယုံကြည်ထားတာပါ။

၊ ၂ ၊

နောက်ကြောတွေ
နောက်ကြောတွေဟာ ဥပက္ခာပြုရက်ကြ။ ငါ့မှာကျန်ရစ်ခဲ့တာက
ငါ့ဖေဖေ၊ မေမေရယ်
ညီလေး၊ ညီမလေးတွေ
နောက်
ရင်ခုန်သံအနီးကြီးနီးသူတချို့။ တချို့က မှုံဝါးဝါး လက်ပြ
သတိယနေ ဆိုသတဲ့
ကိုယ်ချင်းစာမိ ဆိုသတဲ့။

လူတယောက် နိုင်ငံရေးကြောင့် ထောင်ကျသွားပြီဆိုရင် အပြင်က မိတ်ဆွေတွေက သူ့ကို အားပေးဖို့ မေ့သွားတတ်ကြသလို၊ တချို့က ကြောက်တတ်သွားကြပါတယ်။ သူနဲ့ သွားပတ်သက်မိရင် ငါ့ကိုများ အာဏာပိုင်တွေက စောင့်ကြည့်လေမလား၊ ညှိုးတေးလေမလား ပေါ့။ အားပေးသူ နည်းနည်းလေးကတောင် နှစ်ရှည်လများ ကြာလာတော့ အားပေးစကား ပြောဖို့ ပျက်ကွက်လာတတ်ကြပါတယ်။ လူတယောက် ထောင်ကျပြီဆိုရင် ဘယ်နေရာရောက်နေနေ တောက်လျှောက် နောက်ကနေ လိုက်တာက မိသားစုပါပဲ။ ထောင်ထဲက လူကလဲ မိသားစုထောင်ဝင်စာကို မျှော်ရတာပေါ့။ နောက်တော့ ဘယ်သူကများ ကိုယ့်ကို တခုတ်တရ သတင်းမေးလေမလဲပေါ့။ တယောက်ယောက်က သတိရတယ်၊ ကျန်းမာရေး ဂရုစိုက်ပါ ဆိုတဲ့ စကားလေးများ ပါးလိုက်ရင် ကြည်နူးလို့။ အဲဒီလို အားပေးစကား မကြားရတော့လဲ သြော် သူတို့ဘဝတွေနဲ့ သူတို့ ရုန်းကန်နေရလို့ပါလေ ဆိုတဲ့ အတွေးနဲ့ အပြင်ကလူတွေကိုပဲ သနားပြီး ဖြေတွေးရပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တိုက်ခန်းထဲကနေ လှမ်းကြည့်လိုက်တော့ ပြုံးပြနေမယ့် မျက်နှာချင်းဆိုင် မျက်နှာတွေထက်၊ တဘက်လှည့်ထားတဲ့ နောက်ကြောတွေကိုပဲ ပိုလို့ တွေ့တွေ့လာရသလို ခံစားရတာ၊ ဒါ နိုင်ငံရေး အကျဉ်းသားတွေရဲ့ တုန်ခါနေတဲ့ နှလုံးအိမ်ပါ။ ဒီလိုလူတွေအတွက် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတဲ့အသံ စကြာဝဠာတခွင်လုံး ကြားအောင် အော်ပေးနိုင်လေလေ၊ သူတို့ကို အားဆေးတိုက်ရာ ရောက်လေလေပါ။ သူတို့ အားတက်လေလေ ကျနော်တို့ လူ့အဖွဲ့အစည်း လွတ်မြောက် ငြိမ်းချမ်းဖို့ ခရီး နီးလေ လေပါ။ ဒါထက်ပိုပြီးပြောရရင် နိုင်ငံရေးအကျဉ်းသား အားလုံး ကျန်းမာပါစေလို့ စစ်အုပ်စု ကြားအောင် အော်ပေးလေ၊ စစ်ခေါင်းဆောင်တွေ စိတ်ကစင့်ကလျားဖြစ်လေပဲ။ မယုံဘူးလား။ မယုံရင် လုပ်ကြည့်လိုက်။

၊ ၃ ၊

အဲသမှာ ငုဝါတွေ
နွေကိုအံတုနေလိုက်ကြပုံများ
ကြိုးဝိုင်းထဲက လက်ဝှေ့သမားလို။ ကျနော်တို့နေခဲ့ရတဲ့ အင်းစိန် သီးသန့်ထောင် တိုက်အမှတ် ၁ ရဲ့ အရှေ့ဘက်ခြမ်းကနေ ကြည့်လိုက်ရင် ထောင်အုတ်ရိုးတန်းရဲ့ အပြင်ဘက်မှာ ငုဝါပင်တွေ လှမ်းတွေ့နေရတယ်။ ဒီလို နွေပူပူရောက်လာရင် ငုဝါတွေကလဲ အလုအယက် တိုးထွက်ခဲ့ကြပုံတွေ တွေ့နေရတာ ပေါ့။ မြန်မာပြည်ရဲ့နွေ ဆိုတာ လွှတ်ပူတတ်တာမျိုး။ ငုဝါ ဆိုတာလဲ နုပြီး ဝါရည်လုနေပေမယ့် အပူကို အံတုနိုင်တဲ့ ပန်းတမျိုး။ သူ့အရောင်ကလဲ အေးမြတယ်။ ဒီလိုဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို ငုဝါလို့ဆိုမယ်။ ဘယ်သူငြင်းချက်ထုတ်မလဲ။ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ ကျနော်တို့ခေတ်မှာ တကယ်တော့ စာသင်ခန်းတွေ စာအုပ်ပုံတွေထဲက ထွက်လာတာ များတယ်။ ဘယ်သူ့ကြည့်ကြည့် နုဖတ်ဖတ်နဲ့ အပြင်ပန်းက။ ဒါပေမယ့် အတွင်းထဲမှာ သံမဏိကြိုးတွေနဲ့ ယှက်နွယ်ထားတဲ့ နှလုံးသားတစုံရှိတယ်။ ကဗျာတွေရေးတယ်၊ စာတွေရေးတယ်၊ သီချင်းတွေရေးတယ်၊ သိုးမွှေးချည်နဲ့ ပန်းချီတွေ ရေးကြတယ်။ အုန်းမှုတ်ခွက်ကို ပန်းပုထုကြတယ်။ ဆပ်ပြာကို ပန်းပုထုကြတယ်။ လောကကြီးကိုလဲ ပန်းပုထုကြတယ်။ ပြီးတော့ ကော်ဖီခါးခါး ကြိုက်ကြတယ်။ တဘက်မှာတော့ စစ်သေနတ်တွေနဲ့ ကျည်ဆန်ကို အရည်ကြိုပြီး ကနုတ်ပန်းလုပ်ဖို့ ကြံစည်နေကြတယ်။ မယုံကြည်ရင် ထောင်ထဲသွားကြည့်လိုက်လို့ပဲ ပြောမယ်။

၊ ၄ ၊

လုံအိုးထဲမှာ
ဓာတ်ပြာတွေ၊ ဒြပ်စင်တွေ ရွှေလား
ငွေလား
သိဒ္ဓိပေါက် ဓာတ်လုံးလား။ နိုင်ငံရေး အကျဉ်းသားတွေ နေရတဲ့ တိုက်ခန်း ကျဉ်းကျဉ်းလေးတွေဟာ ဓာတ်လုံးရဖို့ ဖိုထိုးတဲ့ အခါသုံးတဲ့ လုံအိုးလေးတခုလိုပါပဲ။ နေရတာ ကျဉ်းကြပ်ရတဲ့ထဲ အောက်ကလဲ အပူနဲ့တိုက် နေသလိုပေါ့။ အပြင်က ထောင်ဝါဒါတွေ အပူတိုက်နေတဲ့အပြင်၊ အတွင်းရင်ထဲမှာလဲ အပူတွေချည်းပဲလေ။ ဒါပေမယ့် တန်ဖိုးတရားတွေတော့ လုံအိုးထဲမှာ ရှိနေတယ်။ သံမဏိကောင်းရဖို့ ဆေးသားတင်သလိုပေါ့။ ဘယ်လောက်တောင် ဆေးသားတင်ရသလဲဆို ကျနော့် အတွေ့အကြုံတခု ပြောမယ်။ ၁၉၉၈ ခုနှစ် မေလ၊ စိန်ပန်းတွေ ရဲရဲတောက် ပွင့်ကာစပေါ့။ အပြင်မှာ ၈ လေးလုံး ဆယ်နှစ်ပြည့် စိန်ခေါ်သံတွေနဲ့အတူ ကျနော်တို့ကိုလဲ သံခြေကျင်းတွေ ခတ်ပြီး အင်းစိန်ကနေ ဟိုးအထက် မြန်မာပြည်က ထောင်တွေဆီ ပို့တော့တယ်။ ထောင်ထဲမှာ ၆ နှစ်လောက် နေပြီးသား ဆိုတော့ ထောင့်အပြင် တန်း မကြောက်တော့တဲ့ အချိန်။ ကျနော်တို့ ထောင်ပြောင်းလိုက်တဲ့ခရီးမှာ စမ်းချောင်းလွှတ်တော်အမတ် ဦးခင်မောင်ဆွေ၊ ဗကပ ယူဂျီခေါင်းဆောင် ဦးတင်အောင်၊ ကိုချိုအောင်သန်း၊ ဦးမြင့်ဆွေ အဲဒီလို ပုဂ္ဂိုလ်တွေ ပါသလို ကျနော်တို့လို ကျောင်းသားလေးတွေလဲ ပါတယ်။ အားလုံး ၅၉ ယောက်။ နောက်တော့ တောင်ငူထောင် က ကိုသီဟနဲ့ မောင်မှိုင်း ထည့်လိုက်တော့ ၆၁ ယောက်ဖြစ် သွားတယ်။ ရထားတွဲက နှစ်တွဲ။ အဲဒီထဲမှာ ကိုဆက်အောင်နိုင်၊ ကိုနေလင်းစိုးတို့လို နောက်တကြိမ် အသစ်စက်စက် ထောင်ကျပြီးခါစ လူတွေလဲ ပါတယ်။ သူတို့ဆို အဝတ်တထည် ကိုယ်တခု။ ကျနော်တို့ကတော့ ထောင်ဆွေး လူဆွေး ဖြစ်နေပြီဆိုတော့ အသုံးအဆောင် အဟောင်းအမျင်း တချို့ ပါတယ်။ နောက်တော့ ဘဝတူ ရဲဘော်တွေကို ရထားထဲမှာပဲ ပစ္စည်းတချို့ ခွဲပေးလိုက်တယ်။ လမ်းတလျှောက်မှာလဲ ပြည်သူတွေက အတော်လေး ကူညီကြပါတယ်။ ရေတိုက်တဲ့လူက တိုက်၊ ဆေးလိပ်ပေးတဲ့လူက ပေး၊ သရက်သီးကျွေးတဲ့လူက ကျွေးနဲ့။ ကျနော်တို့ အားတက်လိုက်တာများ။ ဒီပုံမျိုးနဲ့ဆိုရင် ထောင်ထဲမှာ နောက်ထပ် နှစ်ပေါင်းများစွာ နေနိုင်တဲ့အထိ အားရှိသွားတယ်။ အစောင့်လိုက်လာတဲ့ ရဲတွေနဲ့ ဝါဒါတွေကတော့ အမှတ်တွေပေးနေတယ်။ နေနှင့်ဦးပေါ့။ ထောင်ရောက်တော့မှ သိမယ် တဲ့။ သူတို့ မျက်လုံးတွေကို ဖတ်ကြည့်လိုက်တော့ တွေ့ရတာကို ပြောတာ။ သူတို့တွေ တကယ် ကြိမ်းထားတယ် ဆိုတာ နောက်တော့လဲ ထောင်အဝင်မှာ တွေ့ရပါတယ်။ ဒီလိုနဲ့ ရန်ကုန်အင်းစိန်ထောင်ကနေ မန္တလေးထောင်၊ မန္တလေးထောင်ကနေ တဆင့် မြင်းခြံ၊ ကလေး၊ မြစ်ကြီးနားထောင်တွေကို အသီးသီး ခွဲပြီး ပို့တယ်။ ဦးခင်မောင်ဆွေ၊ ရွှေတောင်က ကျောင်းဆရာကြီး အဘ ဦးအုန်းကျော်၊ ဦးမြင့်ဆွေ၊ ကိုဆက်အောင်နိုင်၊ မောင်မှိုင်း၊ သံချောင်း၊ အောင်စွမ်၊ ကျနော်၊ ကျနော့်အမှုတွဲ ကိုကျော်သိုက် အပါအဝင် အားလုံး ၁၇ ယောက်က မြင်းခြံထောင်ကို အပို့ခံရတယ်။ ခြေထောက်တွေမှာလဲ ခြေကျင်းဒဏ်ရာတွေနဲ့ပေါ့။ ဒီနေရာမှာ ထပ်ပြောစရာ တခုရှိသေးတယ်။ မန္တလေးထောင်ကနေ မြင်းခြံထောင်ကို ပြောင်းတော့ အချုပ်ကား အပြာရောင်နဲ့။ ရှေ့နောက် လက်နက်ကိုင် ရဲကားနှစ်စီး ခြံရံလို့ပေါ့။ ရာသီဥတုကလဲ အဲဒီနှစ်က အပူလှိုင်းဖြတ်တဲ့ မေလ။ မိုင် ၉ဝ ကျော် ခရီး ဆိုတော့ မြန်မာပြည်က ကားတွေရဲ့ အိုမင်းမစွမ်းတဲ့အတိုင်း လမ်းမှာ ခဏ နားရတယ်။ ညောင်ပင်သာရွာ တဲ့။ ကျနော်တို့ကို ခေါ်လာတဲ့ အချုပ်ကား ရပ်တယ် ဆိုရင်ပဲ ဈေးရောင်းတဲ့ ကလေးတွေက ကားနားမှာ ဈေးလာရောင်းကြတယ်။ ကျနော်က သူတို့ကို ကြည့်ပြီး ခဏတော့ တွေနေတယ်။ နောက်တော့ ချက်ချင်းဆိုသလိုပဲ ကျနော်က ညီမလေးတို့ တခြားမှာ သွားရောင်းပါလား၊ အကိုတို့မှာ ဝယ်စားဖို့ ပိုက်ဆံ မပါပါဘူး၊ အကိုတို့က ကျောင်းသားတွေပါလို့ ပြောလိုက်တယ်။ အဲ - မကြာပါဘူး သူတို့တွေ လိုက်ပြောလိုက်တာ အနီးအပါးက လူတွေ အကုန် သိသွားပြီး ချက်ချင်း ဝိုင်းအုံလာတယ်။ ပြီးတော့ ကျနော်တို့ကို စားစရာတွေ ပေးတော့တာ ပါပဲ။ တချို့ဆို ဘုန်းကြီး ဆွမ်းကပ်သလို ဖိနပ်ပါ ချွတ်လိုက်ကြသေးတယ်။ ကျနော်ဖြင့် အားနာလိုက်တာ အဲဒီ ဦးလေးကြီးတွေကို။ အဒေါ်ကြီးတွေလဲ လာအားပေးတယ်။ ဒီထက်ပိုပြောရရင် စောစောက ဈေးလာရောင်းတဲ့ ကလေးတွေက သူတို့ဈေးဗန်းလေးတွေထဲက အသီးထုတ်ကလေးတွေ ပေးကြတယ်။ ဘာအသီးလေးတွေလဲ မေးကြည့်တော့ သစ်ချိုသီး တဲ့။ ကျနော့် ဘဝမှာ စားဖူးသမျှ အသီးတွေထဲမှာ အချိုဆုံးပဲ။ နောက်လဲ ဒီထက် ချိုတဲ့အသီး တွေ့ဖူးမယ် မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ မေတ္တာတွေကြောင့်။ ဒါကြောင့် ထောင်ထဲက မေတ္တာရှင်တွေကို နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတဲ့ သစ်ချိုသီး ကျွေးဖို့ လိုတယ်။ ချုပ်ပြောရင် အဲဒီခရီးမှာ မြင်းခြံထောင်ရောက်တော့ စစ်အုပ်စုရဲ့ လက်ပါးစေတွေက ထုံးစံအတိုင်း ခေါင်းတခုလုံးကို ပုဆိုးနဲ့ထုတ်ပြီး၊ တုတ်တွေနဲ့ ဝိုင်းရိုက် ခေါ်သွားတော့တာပဲ။ တိုက်ခန်းကျဉ်းကျဉ်းတွေဆီကို။ နောက်ရက်တွေမှာလဲ တပတ်လောက် ဆက်တိုက် ပြင်းပြင်း ထန်ထန် ရိုက်တယ်။ ဖိနှိပ်တယ်။ ဒါပေမယ့် ကျနော်တို့က ညောင်ပင်ရွာက ကလေးတွေရဲ့ သစ်ချိုသီးစားပြီး အားရှိနေပြီလေ။ စစ်အုပ်စု ဒီနေရာမှာလဲ အရှုံးပေါ်သွားတယ်။

၊ ၅ ၊

မီးနေသည်ခိုတကောင်
ကိုယ်ငွေ့တွေလွှတ်ထုတ်နေရတာ
အစာရှာချိန်များ အံချော် အိပ်မက်ထဲပြေးမရနိုင်တဲ့အဖြစ်မျိုး
ရိုးတိုးရိတ်တိတ် သစ္စာ ဘယ်မလဲ သူနဲ့လက်ထပ်ဖိတ်စာ ကျေးဇူးရှင်များကို ကျေးဇူးဆပ်ခွင့်ပြုပါ။ မြင်းခြံထောင်မှာ တနှစ်ကျော်ကျော်လောက် ဘယ်သူနဲ့မှ စကားမပြောရဘဲ တယောက်တည်း တိုက်ခန်းထဲမှာ နေရတယ်။ အဲတော့ စကားပြောဖော်တွေက မြေကြီး၊ ကောင်းကင်၊ နံရံနဲ့ ကျေးငှက်တွေပဲ။ အဲဒီထဲမှာ အခန်းနောက်ဖက်က လေဝင်ပေါက်မှာ လာနေတဲ့ ခိုတွေလဲ ပါတယ်။ ခိုတွေ အဲဒီအပေါက်မှာ အသိုက်ဆောက်တယ်။ ဥ အုတယ်။ သားဖွားတယ်။ သူတို့ သားဖွားရက် အစ အဆုံး ကြည့်ဖြစ်တော့ အကောင်ပေါက်ဖို့ဝပ်ရတဲ့ ခိုတကောင်ရဲ့ ဒုက္ခကို တွေ့ရတယ်။ သူ့ခမြာ တခြားခိုတွေလို အစာရှာချိန်မှာ မရှာရ။ ရေစာချိန်မှာ ရေမသောက်ရ။ အိပ်ချိန်မှာမအိပ်ရ။ တာဝန်ချိန် လဲပေးမယ့်သူ မရှိဘူး။ ကြာတော့ ပူလို့ အမွှေးအတောင်တွေတောင် ကျွတ်ထွက်ရှာတယ်။ ဒါပေမယ့် မျိုးဆက်သစ်အကောင်လေး ပေါက်ဖို့ သူ ရဲရဲကြီး ဒုက္ခခံနေတာတွေ့ရတယ်။ နိုင်ငံရေး အကျဉ်းသားတွေကရော။ ဖိနှိပ်ခံထားရတဲ့ ဥခွံ ပေါက်ထွက်ပြီး လွတ်မြောက်ရေး အကောင်သစ်လေး မွေးလာဖို့ ကိုယ်ငွေ့တွေ၊ ကိုယ်ပူတွေ လွှတ်ထုတ်ပြီး ဒုက္ခသစ္စာနဲ့ လက်ထပ်ထားတယ်။ ခင်ဗျား သူတို့ကို ရေတပေါက်လောက် မတိုက်ချင်ဘူးလား။ တိုက်ချင်ရင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပါဝင်လိုက်။ တတ်နိုင်ရင် နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဝင်စာမှာ သစ်ချိုသီးထည့်ပေးလိုက်။ နိုင်ငံရေး အကျဉ်းသားဆိုတာ ဘယ်လိုလူမျိုးလဲ။ ကဗျာဆရာအောင်ဝေးရဲ့ ကဗျာနဲ့ ပြောရရင် “လရောင်နဲနဲ ရှိရင်၊ လမ်းနည်းနည်း ဆက်လျှောက်လို့ရတယ်” ဆိုတဲ့ လူမျိုးတွေပဲ။

၁၇ မတ်လ ၂ဝဝ၉

No comments: