Wednesday, June 10, 2009

ပါလီမန်ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး (အပိုင်း ၃)

ပါလီမန်၏ အချုပ်အခြာအာဏာ စိုးမိုးမှု

ပါလီမန်ဒီမိုကရေစီ၏ ဂုဏ်ရည်တွင် အချက်ကြီး ၂ ရပ်ရှိ၏။ ပထမအချက်မှာ ပါလီမန်၏ အချုပ်အခြာအာဏာ စိုးမိုးမှု (Sovereignty of Parliament) နှင့် ဒုတိယအချက်မှာမူ ဥပဒေပဓာနသဘော (Supremacy of Law) ပင်ဖြစ်၏။

ပါလီမန်၏ အချုပ်အခြာအာဏာစိုးမိုးမှု (Sovereignty of Parliament) ဟူသော အချက်တွင် သဘော ၃ ခု ပါဝင်၏။ ပထမသဘောမှာ ဥပဒေပြုနိုင်သောအာဏာနှင့် ဥပဒေဖျက်သိမ်းနိုင်သောအာဏာသည် ပါလီမန်
၌သာလျှင် ရှိရွေ့ ဥပဒေပြုအာဏာဟုဆိုရာနှိုက် အကန့်အသတ် အတားအဆီး အပိတ်အပင် မရှိခြင်းပင် ဖြစ်၏။ ဒုတိယသဘောမှာ ပါလီမန်မှတစ်ပါး အခြား မည်သူ မည်သည့်အာဏာပိုင်မျှ ပါလီမန်မှ ပြုလုပ်ထားသော ဥပဒေများကို ဖျက်သိမ်းခြင်း အနိုင်အထက်ပြုခြင်းများ မလုပ်နိုင်ခြင်းပင်ဖြစ်ရွေ့ တတိယသဘောမှာမူ ပါလီမန်၏ တန်ခိုးအာဏာစက်သည် နိုင်ငံတ၀ှန်းလုံးကို ပျံ့နှံ့စေခြင်းပင် ဖြစ်၏။

ပါလီမန်၏ အချုပ်အခြာအာဏာစိုးမိုးမှုသည် ဒီမိုကရေစီနိုင်ငံ၌သာလျှင် ရှိ၏။ လူထုမှ ပါလီမန်၊ ပါလီမန်မှ ဥပဒေ၊ ဥပဒေမှ လူထုထံသို့ အချုပ်အခြာ အာဏာစက်သည် ရဟတ်ခြားကဲ့သို့လည်ရွေ့ လူထုထံသို့ ဥပဒေအဖြစ် အကျိုးသက်ထွန်းရကား ပါလီမန်၏ အချုပ်အခြာအာဏာ စိုးမိုးမှု တိုးတက်လေလေ၊ လူထု၏ အချုပ်အခြာအာဏာသည်လည်း ခိုင်မြဲလေလေပင် ဖြစ်၏။ အာဏာရှင်နိုင်ငံများ၌မူ အချုပ်အခြာအာဏာသည် ပါလီမန်တွင် မရှိ၊ အာဏာရှင်ထံတွင် ရှိသည်ဖြစ်ရာ ပါလီမန်ရှိနေသည့်တိုင် ၄င်းပါလီမန်သည် 'ပုတ်သင်ညိုပါလီမန်' ' လက်ညှိုးထောင်ပါလီမန်' မျိုးသာ ရှိတတ်ပေသည်။ 'Edicts' 'Orders' စသည့် အမိန့်မျိုးများသည်လည်း တစ်ချက်လွှတ်အမိန့်တော်မျိုးသာဖြစ်ရွေ့ လူထု၏ အချုပ်အခြာအာဏာစက် လူထုကိုယ်စားလှယ်များပါဝင်သော ပါလီမန်၏ အချုပ်အခြာအာဏာစက်ကား မဟုတ်ပေ။ ပါလီမန်ဒီမိုကရေစီ နိုင်ငံ၌မူ ပါလီမန်သည် တန်ခိုးအကြီးဆုံး၊ အာဏာအများဆုံး ဖြစ်၏။ ပါလီမန်၏ အာဏာသည် သဘာဝ၏ ဘောင်အတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ နယ်နိမိတ်အတွင်းတွင် အကန့်အသတ်မရှိ (unlimited powers of legislation) ဥပဒေပြုနိုင်၏။ အုပ်ချုပ်ရေးယနရား၊ တရားစီရင်ရေးယနရားတို့ကို ထိန်းသိမ်းချုပ်ကိုင်နိုင်၏။ အချုပ်အခြာပါလီမန် (Sovereignty of Parliament)၏ အာဏာတန်ခိုး တည်တံ့မှသာလျှင် ဥပဒေတန်ခိုးကြီးမှုနှင့် ဥပဒေ၏အာဏာစက် (Supremacy of Law or Rule of Law) သည်လည်း တည်တံ့နိုင်ပေမည်။ အမှန်စင်စစ် ပါလီမန်၏ အချုပ်အခြာအာဏာနှင့် ဥပဒေ၏ အာဏာစက်စိုးမိုးရေးသည် ဒွန်တွဲလျက် ရှိပေသည်။

ဥပဒေ ပဓာနသဘောကို တင်ပြခြင်း မပြုမီ ပါလီမန်၏ အာဏာပျံ့နှံ့မှု (Sovereignty of Parliament) နှင့် ပတ်သက်ရွေ့ အာဏာနှင့်တာဝန် (Power and Responsibility) ဟူသော သဘောတရားကို အနည်းငယ် ဖေါ်ပြလိုပေသည်။

ပါလီမန်၏ အချုပ်အခြာအာဏာနှင့် ဥပဒေအာဏာစက်စိုးမိုးရေးသဘောတို့သည် ဒွန်တွဲလျက် ရှိနေကြသည့်နည်းတူ အာဏာနှင့်တာဝန်သည်လည်း ဒွန်တွဲလျက် ရှိနေကြ၏။ ပါလီမန်ဒီမိုကရေစီ၌ တာဝန်မဲ့သော အာဏာမျိုး မရှိသည့်ပြင် အာဏာရှင် နိုင်ငံများမှာကဲ့သို့ အာဏာတခြား တာဝန်တခြား မဟုတ်ပေ။ သို့ဖြစ်လေရာ (Responsibility of Government to its Parliament) အစိုးရသည် ပါလီမန်သို့ တာဝန်ခံရွေ့ ဆောင်ရွက်ရ၏။ (Responsibility of Parliament to its People)ပါလီမန်ကလည်း အချုပ်အခြာအာဏာပိုင်လူထုသို့ တစ်ဆင့်တာဝန်ခံရပေသည်။ အချုပ်အခြာအာဏာပိုင်လူထုကလည်း မိမိတို့ အချုပ်အခြာအာဏာရှိသည့်အလျောက် မိမိတို့အနေဖြင့် တာဝန်ရှိသည်ကို သိရှိနားလည်ရွေ့ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ရ၏။ အချုပ်အခြာ အာဏာစက်သည် လူထုမှ ပါလီမန်၊ ပါလီမန်မှ အစိုးရ၊ အစိုးရမှ လူထုသို့ လည်ပတ်သကဲ့သို့ တာဝန်ကိုလည်း တစ်ဆင့်မှ တစ်ဆင့်သို့ တာဝန်ခံဆောင်ရွက်ရပေသည်။

ဥပဒေပဓာနသဘော

ဥပဒေ၏ တန်ခိုးကြီးမှု၊ စိုးမိုးမှု (Supremacy of Law) ဆိုသည်မှာ ဥပဒေပဓာနသဘောပင် ဖြစ်၏။ တစ်ဖန် ဥပဒေအာဏာစက်တည်မှု (Rule of Law) ဆိုသည်မှာလည်း ဥပဒေသာလျှင် ပဓာနဆိုသော သဘောပင် ဖြစ်၏။ သို့ရာတွင် အနည်းငယ် ခြားနားသော သဘောရှိ၏။

ဥပဒေ၏တန်ခိုးကြီးမှုဟု ဆိုရာ၌ ဥပဒေသာ ပဓာန၊ ဥပဒေကသာ လွှမ်းမိုးရမည်။ ဥပဒေမဟုတ်သော (၀ါ) ဥပဒေ၏ အပြင်အပမှ သဘောတရားများသည် မည်သည့်ကိစအကြောင်းအရာကိုမျှ မလွှမ်းမိုးနိုင်ဆိုသော သဘောပင်ဖြစ်၏။ ဥပဒေအာဏာစက်ကို အုပ်ချုပ်ရေးယနရား၊ တရားစီရင်ရေးယနရားတို့က အဆင့်ဆင့် အထက်မှ အောက်၊ အောက်မှ အထက်သို့ ချားရဟတ်ကဲ့သို့ လည်ပတ်ပျံ့နှံ့ရာတွင် ထိုအာဏာစက်သည် ကျောသားရင်သား မကွဲခြားဘဲ (၀ါ) အဂတိ ၄ ပါး မလိုက်ဘဲ မျက်နှာကြီးငယ် မရွယ်မထောက်၊ ဆင်းရဲချမ်းသာမရွေး အစိုးရအမှုထမ်း သာမန်လူတန်းစား မခွဲခြားဘဲ ဥပဒေအရာ၌ ညီမျှခြင်း (Equality before the Law) ဖြင့် သက်ရောက်စေခြင်းသဘော၊ လူတန်းစား မခွဲခြားဘဲ အားလုံးအတွက် ဥပဒေတစ်ခုတည်း တစ်မျိုးတည်းသာ ရှိခြင်းသဘောပင် ဖြစ်ပေသည်။ ချမ်းသာသူအတွက် ဥပဒေတစ်မျိုး၊ ဆင်းရဲသားအတွက် ဥပဒေတစ်ခြား၊ ဂုဏ်ရှိသူ၊ မျက်နှာကြီးသူအတွက် ဥပဒေတစ်ခု၊ ဂုဏ်မဲ့ မျက်နှာငယ်သူအတွက် ဥပဒေတစ်မျိုး၊ အာဏာရှိသူအတွက် ဥပဒေတစ်စား၊ အာဏာမဲ့သူအတွက် ဥပဒေတစ်မျိုး မရှိစေဘဲ နိုင်ငံသားတိုင်းသည် (Equality before the Law) ဥပဒေအရာတွင် အားလုံးအညီအမျှသာ ဖြစ်စေသည့် သဘောပင် ဖြစ်၏။ သို့ဖြစ်ရာ မည်သူမဆို ဥပဒေ၏ စိုးမိုးမှု လက်အောက်ခံသာ ဖြစ်၏။ မည်သူမျှ ဥပဒေ၏ အပေါ်က မရှိစေရပေ။ "No one is above the Law" ဟူသော သဘောနှင့် မခြားပေ။ သို့ဖြစ်လေရာ ဥပဒေက ပြဌာန်းထားသော ပြစ်မှုကျုးလွန်ခြင်း မရှိလျှင် မည်သူ့ကိုမျှ အရေးယူခြင်း၊ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း မပြုနိုင်။ မည်သူ၏ကိုယ်ပိုင်လွတ်လပ်ခွင့် (Personal property)ကိုလည်း ဥပဒေက ပြဌာန်းသော ပြစ်မှုမရှိက မည်သည့်အာဏာပိုင်(၀ါ)အစိုးရကမျှ ချုပ်ချယ်ခြင်း၊ ရုပ်သိမ်းခြင်း၊ တားမြစ်ခြင်း၊ သိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်း မပြုလုပ်နိုင်သော သဘောမျိုးလည်း သက်ရောက်ပေသည်။ သို့ဖြစ်ရာ ပါလီမန်ဒီမိုကရေစီတွင် ဥပဒေ ပဓါနသဘောကို သေသေချာချာ လေ့လာနားလည်ရွေ့ ကျင့်သုံးနိုင်ရန် အထူးအရေးကြီးလှပေသည်။

ဥပဒေသဘော

သည်နေရာတွင် ဥပဒေဟူသော သဘောတရားကို အနည်းငယ် တင်ပြလိုပေသည်။

ဥပဒေ၏ အနက်အဓိပါယ် သဘောကို ဥပဒေပါရဂူ အများအပြားပင် ခေတ်အမျိုးမျိုးတွင် အမျိုးအမျိုးရေးသားထားသည်ကို ဖတ်ရှုဘူးကြပေမည်။ ဥပဒေဆိုသည်မှာ အချုပ်အခြာ အာဏာပိုင်က ပြုလုပ်သော ပြဌာန်းချက် ဖြစ်သည်ဟု ဆိုရပေမည်။ သို့ရာတွင် အချုပ်အခြာအာဏာပိုင် လုပ်သမျှ ဥပဒေဖြစ်ရမည်လောဟု တစ်ဆင့်တက် မေးနိုင်ဘွယ် ရှိ၏။ အမှန်စင်စစ် အချုပ်အခြာအာဏာပိုင် လုပ်သမျှ ဥပဒေပင် ဖြစ်၏။ သို့ရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ဘောင်အတွင်းတွင် ဖြစ်ရပေသည်။ ထိုမှတစ်ပါး လည်း အခြား ဘောင်တစ်ခု ရှိသေး၏။ ယင်းဘောင်မှာကား အခြားမဟုတ်။ သဘာဝ (Nature) ၏ ဘောင်ပင်ဖြစ်ပေသည်။ သဘာဝ(၀ါ)လောက ၃ ပါးတည်းဟူသော သတ၀ါများဖြစ်ကြသည့် သတလောက၊ သတ၀ါတို့၏ တည်ရာ မှီရာဖြစ်သော တောတောင်ရေမြေ စသည့် သြကာသလောက၊ ယင်းလော ၂ ခု၏ လှုပ်ရှားဖြစ်ပျက် ရွေ့လျောခြင်းတည်းဟူသော သင်္ခါရတို့၏ ဘောင်အတွင်းသာလျှင် ဥပဒေသည် ဖြစ်ရ၏။ သဘာဝနှင့် မဟပ်သော (၀ါ) သဘာဝ၏ ဘောင်မှ ကျော်လွန်သော ဥပဒေသည် စကူပေါ်၌သာ ကျန်ရစ်တတ်၏။ သဘာဝနှင့် ဆန့်ကျင်သော ဥပဒေသည်လည်း တန်ပြန်မှုကို ဖြစ်စေရွေ့ ပျက်ပြုန်းတတ်၏။ ဥပဒေသည် သဘာဝ၏ဘောင်ကို ကျဉ်းမြောင်းစေပြီးလျှင် လူ့အကျိုးကို ဖြစ်ထွန်းစေနိုင်မှသာလျှင် ဥပဒေကောင်းမည်ပေ၏။

သဘာဝအတွင်း လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့သည် အမြဲမပြတ် လောင်ကျွမ်းလျက်ရှိလေရာ ထိုထိုသော မီးတို့ လောင်ကျွမ်းနေသည်ကို အချုပ်အချယ်မရှိ။ ထိန်းသိမ်းခြင်းမရှိဘဲ လွှတ်ထားမည်ဆိုပါက လောကတစ်ခုလုံး ပျက်စီးနိုင်ဘွယ်ရှိ၏။ ကမာမီးသည် ဗြဟာ့ဘုံတိုင်အောင် လောင်ကျွမ်းနိုင်သည်ဖြစ်ရာ သဘာဝလောကအတွင်း၌ရှိသော လောဘ၊ ဒေါသ၊ မောဟမီးများကို ထိန်းသိမ်းချုပ်ကိုင်ခြင်းငှာ သဘာဝ၏ နယ်နိမိတ်ကို ကျဉ်းမြောင်းအောင် အချုပ်အခြာအာဏာပိုင်က ဥပဒေဖြင့် လွှမ်းခြုံရာ၏။ သဘာဝလွတ်လပ်ခွင့် (Natural Laberty) ကို ခြုံပြီးလျှင် ယဉ်ကျေးသော လူ့လွတ်လပ်ခွင့် (Civil Laberty)အဖြစ်သို့ ပြောင်းလဲရာ၏။
သဘာဝ၏ သဘော (Natural Laws)အရမှာ မည်သူမဆို ထင်ရာ လုပ်ချင်တိုင်း လုပ်နိုင်၏။ ယင်းသို့သော အရိုင်းအစိုင်း လွတ်လပ်ရေးကို ဥပဒေနှင့် လွှမ်းခြုံ လိုက်သောကြောင့် လူ့သဘာဝလွတ်လပ်ရေး၏ နယ်နိမိတ်သည် ကျဉ်းမြောင်းသွားရ၏။ သို့ဖြစ်လေရာ တင်းလျှင်ပြတ်၊ လျော့လျှင် ပတ်ဟူသော သဘောမျိုး မသက်ရောက်စေဘဲ မဇျိမပဋိပဒါ မလျော့မတင်းသော သဘောမျိုးနှင့် ပြုလုပ်သော ဥပဒေမျိုးသည် အကျိုးများလှ၏။ ဥပဒေသည် သဘာဝနှင့် မဆန့်ကျင်ရပေ။ သဘာဝနှင့်ဆန့်ကျင်သော ဥပဒေသည် ခိုင်မြဲတည်တံ့ခြင်း မရှိနိုင်။ ထို့ပြင် ဥပဒေသည် ကာလ၊ ဒေသနှင့်လည်း ကိုက်ညီရန်အထူးလိုအပ်လှ၏။ ကာလ၊ ဒေသ နှင့် မကိုက်ညီသော ဥပဒေမျိုးသည် တန်ပြန်မှု ရှိတတ်၏။ ဥပဒေသည် လူအများဆုံး၏ အများဆုံးကောင်းကျိုး (greatest good of the greatest number)ကို ဖြစ်ထွန်းစေနိုင်ရာ၏။ သို့မှသာ လူအများ၏ ထောက်ခံမှုကို ရနိုင်သည်ဖြစ်ရွေ့ ဥပဒေအာဏာစက်သည်လည်း ထစ်ငေါ့ခြင်းမရှိ၊ လည်ပတ် ပျံ့နှံ့စေနိုင်၏။ ထိုသို့မဟုတ်ပါက လူထု၏ ဆန့်ကျင်တော်လှန်မှုကြောင့် ပျက်စီးနိုင်၏။

ဥပဒေနှင့်ပတ်သက်ရွေ့ အထက်တွင် အရေးကြီးသော အချက် လေးငါးချက်မျှ တင်ပြခဲ့ပြီဖြစ်ရာ ဥပဒေ၏ အဓိပါယ်အချုပ်အနေဖြင့် ဖော်ပြရသော် ' ဥပဒေဆိုသည်မှာ အများဆုံး၏ အများဆုံးအကျိုးအတွက် လူအများ၏ သဘာဝလွတ်လပ်ရေးကို အချုပ်အခြာအာဏာပိုင်က ကန့်သတ်ချုပ်ချယ်ရွေ့ ကျုးလွန်သူအား အပြစ်ပေးနိုင်သော ပြဌာန်းချက်ပင် ဖြစ်ပေသည်။'

ပါလီမန်ဒီမိုကရေစီတွင် ဥပဒေသည် လူအများက ၄င်းတို့၏ ဆန (General Will)အရ ၄င်းတို့၏ ကိုယ်ပိုင်သဘာဝလွတ်လပ်ရေးကို မိမိတို့ဘာသာ မိမိတို့ အကျိုးအတွက် အလိုအလျောက်ကန့်သတ် ချုပ်ချယ်ခြင်းပြုသော ပြဌာန်းချက်သဘောဖြစ်သဖြင့် လူထုထောက်ခံမှုကို မလွဲမုချ ရနိုင်ပေသည်။ အာဏာရှင်ပြဌာန်းသော အချို့ဥပဒေများကဲ့သို့ တန်ပြန်မှု မရှိပေ။ ဒီမိုကရေစီနိုင်ငံတွင် လူထု၏အစိုးရက လူထု၏အကျိုးအတွက် လူထုက အုပ်ချုပ်သည်ဖြစ်ရာ (Government of the people, by the people, for the people) ဥပဒေအာဏာစက်စိုးမိုးရေး (Rule of Law)သည် လူထု၏စိုးမိုးရေး (Rule of the people) ဖြစ်၏။ တဖန် လူထု၏စိုးမိုးရေးမှာလည်း (Rule for the people) လူထုကစိုးမိုးခြင်း (Rule by the people) နှင့် အတူတူပင် ဖြစ်ပေသည်။

(ဆက်ရန်)

No comments: