Sunday, June 21, 2009

လုပ်ဆောင်သင့်တဲ့ တာဝန်တစ်ရပ်ကို သွေးကြောင်ရင် ဘေးရှောင်နေလိုက်ပါ။

အာဏာရှင်က အလဲထိုးတာချည်းပဲ ခံနေရတာ နှစ် (၂၀) ကျော်ပြီ။

အခန်းအနားနဲ့ လှုပ်ရှားမှုတွေမှာ တွေ့ရတာကလည်း ခံစစ်တွေအကြောင်းပဲ။

နိုင်ငံရေးဟာ ဇာတ်နာပြနေတာနဲ့ပဲ အရှိန်တန့်နေပြီ။

ကရင်ပြည်နယ်မှာ လူမျိုးပြုတ် သတ်တာတွေ၊ ဧရာဝတီမှာ လူသိန်းနဲ့ချီ သေဆုံးခံရတာတွေတောင်မှ ဘယ်သူမှ မလာတာ။ ဘာလဲ ...ခင်ဗျားတို့ လူတစ်ယောက်မှ မကျန်တဲ့အထိ ထပ်ပြီး မျှော်ချင်သေးတယ်လား။

လူအသေအပျောက် တစ်ယောက်မှ မရှိပဲ ကုန်ကျစားရိတ်အနည်းဆုံး ကျနော်တို့ ထိုးစစ်ကို ဆင်ကိုဆင်နွဲရတော့မယ်။

သွေးကြောင်ရင် ဘေးရှောင်နေလိုက်ဗျား။

ပထမအဆင့် ။ ။ အာဏာရှင်နဲ့ မြန်မာ့တပ်မတော်ကြား ကွဲပြား၊ ခွဲခြားဖို့ ရေဒီယိုလှိုင်းနဲ့သွားမယ့် မက်ဆေ့ခ်ျကျည်ဆံ အတွဲလိုက်များ။

ဒုတိယအဆင့်။ ။ အာဏာရှင်နဲ့ ပြည်သူအကြား တပ်မတော်ဟာ ပြည်သူ့ဘက်က ရပ်ပြီး ပြည်သူ့တပ်မတော်ဖြစ်အောင် အသိဥာဏ်မြှင့် ဖြည့်စွက် ကျည်ဆံများ။

ကျနော်တို့ ဦးနေ၀င်းစတက်တာနဲ့ စစ်တပ်နဲ့ နေ၀င်းကို တစ်သားတည်း မြင်ပြီး ရန်သူလို့ သတ်မှတ်လာခဲ့တာ သန်းရွှေအထိပဲ။ သမိုင်းရဲ့ လိုအပ်ချက်ဖြစ်ခဲ့တာကို ဘယ်သူမှ ငြင်းလို့ မရဘူး။ အကျိုးဆက်အားဖြင့် လူထုတိုက်ပွဲများမှာ စစ်တပ်ဟာ ပူးပေါင်းဖို့ အဆင်သင့်ကို မဖြစ်ခဲ့တဲ့အပြင် အာဏာရှင်များရဲ့ လက်ကိုင်ဒုတ် ဖြစ်ခဲ့ရတယ်။ (စကားချပ်။ ။ လူထုတိုက်ပွဲများမှာ လယ်သမားပါဝင်မှုလည်း အင်မတန်နည်းခဲ့။ စည်းရုံးရန် လို)။

နောက်ဘုန်းကြီး ၂ ချက် ခေါက်လိမ့်မယ်ဆိုတဲ့ လူတွေအတွက် နဲနဲပြောပြမယ်။

၁။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ရန်ကုန်မြို့မှာ ပစ်မိန့်တွေနဲ့ သွေးအလိမ်းလိမ်းဖြစ်နေပေမယ့် မော်လမြိုင်မှာ ပစ်မိန့် မရှိဘူး။ ရတခတိုင်းမှူး ဥာဏ်လင်းရဲ့သားကိုယ်တိုင် သပိတ်မှာပါတယ်။ ဒါပေမယ့် နေ့လည်မှာ ကျိုက်သုတ်မှာ တပ်စွဲထားတဲ့စစ်တပ်ကို ပြည်သူလူထုနဲ့ ပူးပေါင်းဖို့ စည်းရုံးတော့ ညနေမှာ ပစ်မိန့်ထုတ်ပြန်ခဲ့တယ်။

၂။ တချိန်က တနေရာမှာ တယောက်သောသူက ခြံဝန်းထိပ်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်သားလေးကို အသက်ဘယ်လာက်ရှိပြီလဲ၊ လခ ဘယ်လောက်ရသလဲ၊ မိဘတွေဆီ ပြန်ပို့နိုင်ရဲ့လား လို့ မေးလိုက်တာနဲ့ နောက်နေ့ကျတော့ အဲဒီစစ်သားလေး အဲဒီနေရာမှာ မရှိတော့ဘူး။

၃။ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားလာတော့ လက်နက်အကုန်ဖြုတ်သိမ်းပြီး တစ်ယောက်မှ မချန် အကုန် ဖြုတ်ပစ်တယ်။ တချို့ ထောင်ချပစ်တယ်။ နောက်ဆုံး တပ်ကိုပါ ဖျက်ပစ်လိုက်တယ်။

၎။ မေမြို့ စစ်အင်ဂျင်နီယာကျောင်း ဆနပြတဲ့ ဖြစ်ရပ်ကို အရေးယူတာလည်း ထိုနည်းလည်းကောင်း။

၅။ ပူပူနွေးနွေး ရွှေဝါရောင်မှာ တပ်နဲ့ ပြည်သူ ပူးပေါင်းလုနီးနီး ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေရှိတယ်။ စည်းရုံးသိမ်းသွင်းသူကို မမိတဲ့အတွက် မြို့နယ်တာဝန်ရှိသူကို အကုန်လုံး ရွှေ့ပစ်တယ်။ အားပေးလက်ခုတ်တီးသူက အစ အကုန်ဖမ်းတယ်။ အဲဒီနားမှာရှိတဲ့ ရပ်ကွက်ကိုလည်း ၀ါးတစ်ရာကို ရွှေ့ပစ်တယ်။

ဒါတွေဟာ ဘာကိုပြောချင်တာလည်း ဆိုတော့ အာဏာရှင်ဟာ စစ်တပ်နဲ့ပတ်သက်ရင် သိပ်ကို ကြောက်လန့်တဲ့ အကြောင်း ပြောချင်တာပါ။ အာဏာရှင်ရဲ့ နားထင်ကို သေနတ်နဲ့ ယနေ့ ချိန်နိုင်တာဆိုလို့ စစ်တပ်ပဲ ရှိတယ်။
ပြည်သူ့တပ်မတော်ကို မြန်မာ့တပ်မတော်လို့ အမည်ပြောင်းပြီး သူကိုယ်တိုင် မြန်မာနိုင်ငံတော် အမိန့်ဆိုပြီး ထုတ်ပြန်ချက်တွေထုတ်တာဟာ သူ့ကိုသူ နိုင်ငံတော်လုပ်ပစ်ပြီး စစ်တပ်ကို မောင်ပိုင်စီးတဲ့ လုပ်ရပ်မဟုတ်လို့ ဘာပါလဲဗျ။
ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည် တို့၊ တပ်မတော်သာအမိ တပ်မတော်သာအဖ တို့ နေရာတိုင်းမှာ ဆိုင်းဘုတ်ထောင်ထားတာဟာ ခင်ဗျားတို့ကို မခံချင်အောင် သက်သက်ထောင်ထားတာလို့ ထင်နေတုန်းလား။ တပ်ကို စည်းရုံးထားလိုတဲ့ အာဏာရှင်ရဲ့ စနက်မဟုတ်လို့ ဘာလဲဗျ။
စစ်တပ်က ကြည်ညိုလေးစားတဲ့ ဦးတင်ဦးကို ယနေ့ ထက်ထိ အကျယ်ချုပ်ချထားတာကို ကြည့်ဗျာ။

အဲဒီတော့ ဦးသန်းရွှေကြောက်တာကို ကျနော်တို့ မလုပ်ပဲ ဦးသန်းရွှေမကြောက်တာကို ကျနော်တို့ လုပ်နေကြတာဟာ ........
တစ်ဆိတ်လောက်ဗျာ....... ခင်ဗျားတို့ ဦးသန်းရွှေကို ဘုရင်မြှောက်ဖို့ ရော အစီအစဉ် ရှိကြလားဗျ။

အမေရိကန်သမတ လင်ကွန်းရဲ့ ရန်သူဖြစ်ခဲ့ဖူးတဲ့လူတစ်ယောက်က လင်ကွန်းကို လာပေါင်းတယ်။ အဲဒါကို လင်ကွန်းက လက်ခံတယ်။
လင်ကွန်းဘက်တော်သားတွေက လက်မခံပဲ လင်ကွန်းကိုကန့်ကွက်ခဲ့တယ်။ အဲဒီမှာ လင်ကွန်း စကားတစ်ခွန်းပဲ ပြောတယ်။
"မိတ်ဆွေသစ်တစ်ယောက် တိုးလာခြင်းဟာ ကိုယ့်အတွက် ရန်သူတစ်ယောက် လျော့သွားခြင်းပဲ မဟုတ်ဘူးလား" ..တဲ့။

မောင်ပွကြီး (ရွှေဝါရောင်)

No comments: