Saturday, June 13, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု ရုံးချိန်း ရွှေ့ဆိုင်း

Friday, 12 June 2009 20:24 အေးလဲ့
ဒေါ်အောင်ဆန်းစုကြည် အမှုရက်ချိန်းကို ရန်ကုန်တိုင်း မြောက်ပိုင်း ခရိုင်တရားရုံးက လာမည့် ဇွန်လ ၂၆ ရက် နေ့သို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း သူ၏ အမှုလိုက်ရှေ့နေများက ပြောသည်။

ထိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တရားခံပြသက်သေ တဦးဖြစ်သူ ဒေါ်ခင်မိုးမိုးကို စစ်ဆေးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီကနေ့ တရားရုံးက ရုံးထိုင်ပြီးတာနဲ့ ကျနော်တို့ သက်သေတဦး ဒေါ်ခင်မိုးမိုးကိုပေါ့ ရက်ချိန်း ပေးလိုက်တယ်၊ ဇွန်လ ၂၆ ရက်နေ့ကို ရက်ချိန်းပေးလိုက်တယ်၊ အဲဒီနေ့မှာ ဒေါ်ခင်မိုးမိုးကို စစ်ရပါ့မယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

ယနေ့ တရားရုံးတွင် စုစုပေါင်း အချိန် ၁၅မိနစ်သာ ကြာမြင့်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ၊ မစ္စတာ ဂျွန်ဝီလီလျံ ယက်ထော အပါအဝင် နှစ်ဘက် ရှေ့နေများ အစုံအလင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အင်းစိန်ထောင် ပတ်ဝန်းကျင် တဝိုက် လုံခြုံရေး အထူးတင်းကျပ် ထားပြီး လုံထိန်းကားများ ထပ်မံ တိုးချဲ့ချထားကြောင်း ဒေသခံ တဦးက ပြောသည်။

ပြီးခဲ့သည့် ၉ရက်နေ့ အဂါင်္နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်၊ NLD ဒု-ဥက္ကဌ ဦးတင်ဦး နှင့် ရှမ်းပြည်နယ် NLD စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့သုံးဦးအနက် မှ ဒေါ်ခင်မိုးမိုးတဦးကိုသာ သက်သေထွက်ဆိုခွင့် ပေးလိုက်ကြောင်း ရန်ကုန်တိုင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ခရိုင်တရားရုံးတွင် တရားခံပြ သက်သေ ၄ ဦး အမည် စာရင်း တင်သွင်းခဲ့ရာ တရားရုံးက တဦးတည်းသာ လက်ခံခဲ့သည်။ ထို့ကြောင့် တိုင်းရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားရာ နောက်ထပ်တဦးသာ ခွင့်ပြုခဲ့သောကြောင့် ကျန်ရှိသည့် ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁၁ရက်နေ့တွင်လည်း ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သော သက်သေ၂ဦး ဖြစ်သူ ဦးဝင်းတင် နှင့် ဦးတင်ဦး တို့အား ဗဟို တရားရုံးချုပ်တွင် ပြင်ဆင်ခွင့် ဆက်လက် လျှောက်ထားရာ ဗဟို တရားရုံးက ဇွန်လ ၁၇ ရက်နေ့သို့ ရုံးချိန်းပေးပြီးမှ ရုံးချိန်းရက် ထပ်မံ ပြင်ဆင်ဦးမည်ဟု သိရသည်။

“မနေ့က နေ့ခင်းပိုင်း ကျနော်တို့ ရှေ့နေရုံးခန်းမှာ ၁၇ ရက်နေ့ ရက်ချိန်း လာပြောပါတယ်၊ နောက် ညနေကျတော့ တခါ အဲဒီ ၁၇ ရက်နေ့ ရက်ချိန်း မဟုတ်သေးဘူး တဲ့၊ ရက်ချိန်း ပြင်မယ် တဲ့၊ ပြင်ပြီး ဘယ်ရက်လဲ သိမှ လာအကြောင်းကြားပါမယ် လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

တချိန်တည်းတွင် ငြင်းပယ်ခံ သက်သေတဦးဖြစ်သူ ဦးဝင်းတင်ကို ပုဒ်မ ၆/၁ ပြည်သူပိုင် ပစ္စည်း အလွဲသုံးစား လုပ်မှု ဖြင့် မြောက်ပိုင်းခရိုင် တရားရုံးတွင် တရား စွဲဆိုလိုက်သည် ဆိုသည့် သတင်းလည်း ရန်ကုန်တွင် ထွက်ပေါ်နေသည်။

“ကျနော်ကတော့ မသိဘူးဗျ၊ ကျနော့်ကို မီဒီယာတွေက မေးနေတယ်၊ ၁၀ ရက်နေ့ ဗုဒ္ဓဟူးနေ့ည ကတည်းက မေးနေတာပါ၊ ဒါပေမယ့် ဒီနေ့အထိ အာဏာပိုင်တွေဆီက တရားဝင် အကြောင်းစာ မရဘူး၊ ခက်တာက ကျနော် ဒေါ်စု အမှု ပြောဆိုနေတာတွေ သက်သေခံ အဖြစ်လည်း ပါနေတော့ အခုလို ခြိမ်းခြောက် ပြောဆိုနေတာလည်း ဖြစ်နိုင်တယ်” ဟု ဦးဝင်းတင် ရှင်းပြသည်။

“ကျနော်က ထောင် အဝတ်အစား ဝတ်လာတယ် ဆိုတာ စက်တင်ဘာ ၂၃ ရက် မနက် ၆ နာရီခွဲမှာ ကျနော့်ကို လွှတ်မယ်ဆိုတာ လာပြောတယ်၊ လွှတ်မယ် ဆိုရင် ဘယ်လို လွှတ်မှာလဲ၊ လက်မှတ်ထိုးတဲ့ အလုပ်ကို မလုပ်နိုင်ဘူး၊ ပစ္စည်းလည်း မသိမ်းဘူး၊ ညအိပ် အဝတ်အစားလဲ မလဲဘူး၊ ထုတ်ချင်ရင် ဆွဲထုတ်၊ သူတို့က ဒါဆို ခင်ဗျားကို ၆-၁ နဲ့ စွဲလို့ ရတယ်လို့ ပြောတယ်၊ ဒါဆိုလည်း ချွတ်ယူလိုက်၊ ဝတ်လစ်စလစ်နဲ့ ထွက်မယ်။ စကားများတယ် ညနေ ၄ နာရီ အထိ၊ နောက်ဆုံးဘာမှ မလုပ်ခိုင်းတော့ဘဲ သူတို့ ကိုယ်တိုင် အိမ်တိုင်ရာ ရောက် လိုက်ပို့တာ” ဟု ဦးဝင်းတင်က် ပြောသည်။

၎င်းက ဆက်လက်ပြီး “ထွက်တဲ့နေ့မှာ ကျုပ် မီဒီယာတွေကိုပြောတယ်၊ ကျုပ် နိုင်ငံရေးသမား၊ အကျဉ်းသား အနေနဲ့ ထွက်ရမယ် ဆိုတာကို သူတို့က သနား ကြင်နာတာ၊ ပုဒ်မ ၄၀၁ နဲ့ လွှတ်မယ် ဆိုတာကို ဆန့်ကျင်ပြီးမှ ထွက်လာတာ၊ ဟောဒီမှာ ကျုပ် အင်္ကျီ အပြာ ဝတ်ထားတယ် ဆိုတာကို ကြေညာခဲ့တယ်” ဟု ပြောသည်။

အသက် ၈၀ ဝန်းကျင်ရှိ ဦးဝင်းတင်သည် မေလအတွင်း ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ရာ အင်းစိန် ထောင်အနီးသို့ သွားရောက် စောင့်ဆိုင်း သူများ အနက် အထင်ရှားဆုံး အတိုက်အခံ နိုင်ငံရေးသမား ဖြစ်သည်။

ဟံသာဝတီ သတင်းစာ အယ်ဒီတာဟောင်း ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။ ၁၉၈၉ခုနှစ်တွင် စစ်အစိုးရက နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခံခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။

No comments: