Saturday, June 27, 2009

UN အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ရောက်ရှိ

NEJ / ၂၆ ဇွန် ၂၀၀၉


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိသည်။

၎င်း၏ ခရီးစဉ်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံလာရောက်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံမှ သံတမန်အသိုင်းအ၀န်းက ယူဆကြသည်။

မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်သည့်ကိစ္စ အသေးစိတ်ကို ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံရောက်ရှိနေစဉ်အတွင်း အဓိက အတိုက်အခံပါတီတခုဖြစ်သည့် အန်အယ်လ်ဒီပါတီနှင့် တွေ့ဆုံရန် ရှိမရှိ မေးမြန်းရာ တစုံတရာအကြောင်းကြားခြင်းမျိုး မရှိသေးကြောင်း အန်အယ်လ်ဒီက ပြောသည်။

“ဒီနေ့ညနေပိုင်းအထိ အန်အယ်လ်ဒီ စီအီးစီတွေနဲ့ တွေ့ဖို့ အကြောင်းကြားတာတွေ ဘာတွေ မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်ဆိုတာမျိုးလည်း မကြားရသေးဘူး။ ဦးဉာဏ်ဝင်း တရားရုံးကအပြန်မှာ ပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီလာမယ်ဆိုတာကိုလည်း မသိဘူး။ မနေ့က ရဲချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲ လုပ်သွားတာကိုလည်း မသိဘူး။ ဒီနေ့ သူပြောမှ သိသွားတယ်တဲ့” ဟု အန်အယ်လ်ဒီပါတီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် အစိုးရအာဏာပိုင်များနှင့်တွေ့ရှိရန် နေပြည်တော်သို့ ကားဖြင့်ဆက်လက်ထွက်ခွာသွားပြီဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတဦးကိုကိုးကားပြီး အေပီသတင်းတွင် ဖော်ပြသည်။

No comments: