Saturday, August 7, 2010

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြောက်ကိုရီးယား ကစားသမား မိခင်နိုင်ငံတွင် လှောင်ပြောင်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရ အသင်းနည်းပြဖြစ်သူ ကင်ဂျောင်ဟွန်းအား .....

E-mail

မြောက်ကိုရီးယားလက်ရွေးစင် ဘောလုံးအသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ခြင်းအတွက် မိခင်နိုင်ငံတွင် လှောင်ပြောင်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

မြောက်ကိုရီးယားနည်းပြ ကင်ဂျောင်ဟွန်းနှင့် အသင်းမှ ကစားသမားများသည် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပြန်ရောက်အပြီး (၃)ရက်အကြာ ဖြစ်သည့် ဇူလိုင်လ (၂)ရက်နေ့တွင် မြောက်ကိုရီးယား ပြည်သူ့ရေးရာဌာနရှေ့တွင် စတိတ်စင်မြင့်ထက်၌ (၆) နာရီကြာ မတ်တက်ရပ်ကာ ကမ္ဘာ့ဖလားတွင် ရှုံးနိမ့်ခဲ့ခြင်းအတွက် ရှင်းလင်းပြောဆိုမှုများ ပြုလုပ်ခဲ့ရသည်။သို့ရာတွင် ဂျပန်နိုင်ငံတွင် မွေးဖွားနေထိုင်နေသည့် ဂျောင်တေးဆီနှင့် အန်ယောင်ဟတ်တို့မှာမူ ပါဝင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

၎င်းတို့အား မြောက်ကိုရီးယားနိုင်ငံမှ ကျောင်းသားများ၊ အစိုးရ ၀န်ထမ်းများနှင့် ဂျာနယ်လစ်များက ၀ိုင်းဝန်းဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် မြောက်ကိုရီးယားအလုပ်သမားပါတီ ‘ဒုတိယ၀န်ကြီးနှင့် မြောက်ကိုရီးယား အားကစားဝန်ကြီး ပတ်မြောင်ချို၊ အခြားသော အားကစားသမားများလည်း ပါဝင်ခဲ့ပြီး မြောက်ကိုရီးယား အမျိုးသားရုပ်သံလွှင့်ဌာနမှ အားကစားအစီအစဉ် ကြေညာသူ ရီဒေါင်ကျူက Korea Central TV မှတစ်ဆင့် ဘောလုံးသမား တစ်ဦးချင်းစီ၏ အမှားများကို ထောက်ပြဝေဖန်သွားခဲ့ကြောင်း သိရှိရသည်။ အမည်မဖော်လိုသူတစ်ဦးကမူ လွတ်လပ်သော အာရှအသံ(RFA)သို့ ယင်းကဲ့သို့ ပြောကြားခဲ့သည်။ ''နည်းပြ ကင်ဂျောင်ဟွန်းနဲ့ ကစားသမားတွေအားလုံး စတိတ်စင်မြင့်ထက်မှာ မတ်တက်ရပ်ပြီး အခြား မြောက်ကိုရီးယား အားကစားသမားတွေနဲ့ ကျောင်းသားတွေရဲ့ ဝေဖန်မှုတွေကို ပြန်လည်ရှင်းလင်းခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အသင်းက ကစားသမားတွေဟာ သူတို့ရဲ့နည်းပြကို အပြစ်ပုံချခဲ့ကြပါတယ်''ဟု ပြောကြားခဲ့သည်။

အစိုးရနှင့်နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးကလည်း ''ဗိုလ်ချုပ်ကင်ဂျောင်အန် (မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်၏သား)က မြောက်ကိုရီးယားအသင်းဟာ သူ့ရဲ့ယုံကြည်မှုကို သစ္စာဖောက်ခဲ့တယ်လို့ ယူဆပြီး အခုလို အပြစ်ပေးခဲ့တာပါ။ နောက်ဆုံးတရားခံလို့ သတ်မှတ်ခံခဲ့ရတဲ့ အသင်းနည်းပြ ကင်ဂျောင်ဟွန်းကတော့ ပြုံယမ်းမြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ တစ်နေ့ (၁၄) နာရီကြာ အလုပ်လုပ်ဖို့ အပြစ်ပေး ခံခဲ့ရပါတယ်'' ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအသင်းသည် (၄၄) နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံး ပါဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသော်လည်း ယင်းကဲ့သို့ အပြစ်ပေးခံခဲ့ရခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကမူ ဗိုလ်ချုပ် ကင်ဂျောင်အန်သည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည့်အတွက် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်သို့ လာရောက်ခဲ့ကာ ဂုဏ်ပြုချီးကျူးမှုများ ပြုလုပ်ခဲ့ဖူးသည်။ အစောပိုင်း သတင်းများအရမူ ပေါ်တူဂီအသင်းကို (၇-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်ကိုယ်တိုင်က မြောက်ကိုရီးယားအသင်းအား ယင်းပွဲတွင် တိုက်စစ်ဖွင့်ကစားရန် တိုက်ရိုက်ညွှန်ကြားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။ ထို့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်းကလည်း မြောက်ကိုရီးယားကစားသမား အတော်များများသည် မိခင် မြောက်ကိုရီးယားနိုင်ငံသို့ ပြန်သွားလိုချင်းမရှိဘဲ တောင်အာဖရိကနိုင်ငံတွင် နိုင်ငံရေးခိုလှုံ့ခွင့် တောင်းခံခဲ့ကြသေးကြောင်း သိရှိရသည်။

(ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။)

No comments: