








အမေရိကန်ပြည်ထောင်စု၊ တက်ဆက်ပြည်နယ်ရှိ ဖို့ဝေါ့သ်မြို့တွင် RVWANG CHRISTIAN COMMUNITY CHURCH မှ ဦးစီးကျင်းပသော ခရစ်စမတ်ပွဲသို့ တက်ရောက်လေ့လာခွင့် ရခဲ့သည်။
မိဝေး၊ ဖဝေး၊ တိုင်းပြည်ဝေးသော နေရာတွင် ဖြစ်၍ စည်ကားမှု သိပ်မရှိဟု ထင်ခဲ့မိသည်မှာ မိမိ၏အမှားပင်။
အခမ်းအနားမှူး၏အစီအစဉ်ဇယားတွင် မိတ်ဆက်အစီအစဉ်လည်းပါရှိရာ ၄င်းကပင် " သူကတော့ ဝါရှင်တန် ကိုယ်စားပြု တက်လာတဲ့သူဖြစ်ပါတယ်။" "သူတို့ကတော့ အိုကလာဟိုးမားပြည်နယ်က ဒီပွဲကို လာတက်သူ" "သူကတော့ ဘယ်ပြည်နယ်က.... သူကတော့....." စသဖြင့် တစ်ဦးပြီး တစ်ဦး မိတ်ဆက်ပေးရာ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်မျိုးစုံမှ လာရောက်ပူးပေါင်းကာ ဆင်နွှဲကြကြောင်း တွေ့ရသည်။
ထို့ပြင် ဖို့ဝေါ့သ်မြို့တွင်ရှိသော မြန်မာတိုင်းရင်းသားများ ခရစ်ယာန်အသင်းတော်နှင့် ကချင် ခရစ်ယာန်အသင်းတော်တို့မှလည်း လာရောက်ပူးပေါင်းဖြည့်ဆည်း၍ ခရစ်စမတ်ပွဲကို အားပါးတရ ပျော်ရွှင်စွာ ဆင်နွှဲနေကြသည်ကို တွေ့ရှိရသည်။
လမ်းကိုပင် ကောင်းမွန်စွာ မလျှောက်နိုင်တော့ပြီဖြစ်သည့် အသက်အရွယ်ကြီးမြင့်နေသူ အမေရိကန်လူဖြူအမျိုးသမီးတဦးက ရဝမ်နှင့် လီဆူးဘာသာစကားဖြင့် ခရစ်စမတ်အကြောင့် ဟောပြောပို့ချရာ မြန်မာပြည်သား စစ်စစ်ဖြစ်သည့် ကျနော့်မှာ အလွန်ပင် အံ့သြခဲ့ရသည်။ ကျနော် မြန်မာပြည်မှာ နေပြီး ကိုယ့်ပြည်ထဲရှိ ရဝမ်နှင့် လီဆူးဘာသာစကားကို မပြောတတ်။ သို့သော် ကိုယ့်တိုင်းပြည်လည်း မဟုတ်၊ ကိုယ့်လူမျိုးလည်း မဟုတ်၊ အကွာအဝေး မိုင်သောင်းချီ ဝေးသည့်နေရာမှ လူမျိုးခြားက ပြောတတ်နေသည်ဆိုသည်မှာ ကျနော့်အတွက် အံ့သြစရာပင် မဟုတ်ပါလော။
"အဲဒီအဖွားက မြန်မာပြည်မှာ သာသနာပြုမစ်ရှင်လုပ်ခဲ့တာ။ သူ့ရဲ့မိဘတွေက မြန်မာပြည်မှာ သာသနာလာပြုတော့ သူလည်း ပါလာတာပေါ့။ ပထမတော့ တရုတ်ပြည်မှာ ပြုတယ်။ နောက်တော့ ကျမတို့ ရဝမ်နဲ့ လီဆူးဒေသဘက်ကို ရောက်လာတာ။ တော်လှန်ရေးကောင်စီတက်လာတော့ နိုင်ငံခြားသားတွေ နှင်ထုတ်ရာမှာ သူ့တိုင်းပြည် သူ ပြန်သွားခဲ့တာ။ ကျမတို့ ဒီကိုရောက်တော့ အဆက်အစပ်နဲ့ လိုက်ရှာပြီး ဖိတ်လိုက်တာ။ သူ စိုက်ပျိုးခဲ့တဲ့အပင်တွေဟာ အမေရိကအထိတောင် ရောက်လာပြီး စည်ပင်ဖြစ်ထွန်းနေတာဆိုတော့ သူ တအားဝမ်းသာနေကြောင်း ရှင်းပြနေတာပါ" ဟု ကျနော့်ကို ရှင်းပြပါသည်။
ထို့နောက် ဒေါက်တာဂျယ်ရီ၏ ခရစ်စမတ်အကြောင်း ဟောပြောချက်ကို ဗမာဘာသာပြန်ပါ ထည့်သွင်းပေးထားသဖြင့် ကျနော်တို့လည်း နားလည်ခဲ့ရပါသည်။
ထို့နောက် ရဝမ်အက၊ ကချင်အက၊ ကရင်အက၊ ဗမာအက စသဖြင့် တက်ရောက်လာသည့် လူများအား အားလုံးပျော်ရွှင်စွာ ဆင်နွှဲကြပါသည်။
ထို့ပြင် ကလေးငယ်များ၏ အကပဒေသာ၊ တေးသီချင်း ဖျော်ဖြေမှုများနှင့်အတူ ပြည်နယ်အသီးသီးမှ လာရောက်ကြသော သူများတွင်လည်း ကြိုတင်ပြင်ဆင်လာသည့် စွမ်းရည်ပြ ဖျော်ဖြေမှုများကိုလည်း ရှုစားကြရပါသည်။
ထို့နောက်တက်ရောက်လာသောသူများအား USA RVWANG KRISTMAS BOYအမှတ်တရ စပို့ရှပ်များ လက်ဆောင်ပေးပါသည်။
ယခုပွဲကို အောင်မြင်စွာ စည်စည်ကားကား ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့သဖြင့် ပြည်နယ်အသီးသီးမှ ကိုယ်စားပြု တက်ရောက်လာသူများက နောင်နှစ်တွင်လည်း ဖို့ဝေါ့သ်မြို့ RVWANG CHRISTIAN COMMUNITY CHURCH မှ ယခုနှစ်ကဲ့သို့ တာဝန်ယူပြီး ထပ်မံကျင်းပပြုလုပ်ပေးပါရန် တိုက်တွန်းသံများကိုလည်း ကြားသိခဲ့ရပါကြောင်း...။
မောင်ပွကြီး
No comments:
Post a Comment