Saturday, August 25, 2012

ကိုယ့်မြန်မာလူမျိုးအကြောင်း၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းပြီး ရေးသည်။


အခွင့်အရေး

မြန်မာပြည်တွင် လူ့အခွင့်အရေးမရှိ၍၊ လူတွေ ကိုယ့်အခွင့်အရေး ကိုယ် မသိခဲ့လေသလား၊ ကိုယ့်ကုသိုလ်ကံကြောင့် လူအဖြစ်ကို ရရှိပြီး တနေ့ ဘယ်သူမဆို သေရမှာပါကွာဟု ပေါ့ပေါ့လေးပဲ တွေးနေကြသလား မသိပါ။

များသောအားဖြင့် ကိုယ့်ပြည်သူများသည်၊ အသက် မသေချင်သော စိတ်သာရှိကြပြီး၊ လူသားတစ်ယောက်ရဲ့ လူသားဖြစ်ရမှုတန်ဖိုးကို အလေးထားရကောင်းမှန်း မသိ
သောသူများ များစွာ ရှိနေကြောင်း ခရီးများစွာ သွားလာခြင်းဖြင့် သိလာရပါသည်။

ဒေါသ

နိုင်ငံတကာသို့ ထွက်လေ့လာသောအခါ မြန်သည်၊ မာသည်ဟုဆိုသော မြန်မာတို့သည် တခြားနိုင်ငံသားများထက်၊ အမှန်တကယ် မြန်စွာ၊ အကြမ်းခံနိုင်စွာ လုပ်နိုင်ကြကြောင်းတွေ့ရသည်။
အားနည်းချက်မှာ သီးခံစိတ်ပါးလျကြပြီး၊ သူတပါးထက်လည်း အမျက်ဒေါသ ပို၍ကြီးကြခြင်းပင် ဖြစ်သည်။

ထိုဓလေ့စရိုက်ရှိသည့် ကိုယ့်လူများသည် ကားပေါ်တွင် စတီယာရင်းကိုင်လိုက်သည်နှင့်၊ တခြားလူမျိုးများထက် ဒေါသပိုကြီးသည်။ ပြည်တွင်းတွင် ကျနော် ကြုံဖူးသည်။ တပါးသူကို အန္တရာယ်ဖြစ်စေနိုင်သည့် ကားကို ကိုင်တွယ် မောင်းနှင်နေပါလျက်၊ ခြေထောက်ဖြင့် လမ်းလျှောက်သူအား သေသွားချင်လို့လား၊ ဒါ ကား၊ တိုက်ရင်သေတတ်တယ်ဟု ဒရိုင်ဘာများက ဒေါသတကြီး ပြောထွက်၊ ပြောရက်တတ်ကြသည်။ လူဖြတ်ကူးတာကို စိတ်ရှည်စွာ စောင့်ဆိုင်းခြင်း၊ အလျဉ်းမရှိကြ။

အရက်

အရက်နှင့်ပတ်သက်ပြီး အထွေအထူး ပြောစရာမလို၊ အစိုးရအဆက်ဆက်ကိုယ်တိုင်က အားပေးသည့်လုပ်ငန်းဆိုတော့၊ ကိုယ့်လူတွေသည် အရက်နှင့် ရင်းနှီးကျွမ်းဝင်ရင်းနှီးမှုမှာ အောက်တန်းမကျ ရှိလှသည်။ ဖောင်ကြီးမင်းကုန်း စံပြကျေးရွာတွင် ကိုယ်အင်္ဂါပျက်ယွင်းနေသူများက ချက်သောအရက်သည် ကမ္ဘာ့နိုင်ငံများထက် ကောင်းသည်။ ကမ္ဘာ့ဘယ်အရက်အမျိုးအစားကို လိုချင်သလဲ။ သူတို့ တပုံစံတည်းဖြစ်အောင် ချက်ပေးနိုင်သည်။ သို့သော် ကမ္ဘာ့နိုင်ငံများလို၊ အနှစ် (၃၀) သစ်သားစည်ထဲ လှောင်ထားရန် မလို၊ ၃ ရက်ဆိုတာနှင့် ရပြီ။ (အရက်သမားတွေ သက်တမ်းတိုသွားတာသာ ကြည့်ပါ။) ဆေးပညာကတော့ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေးဆိုလား။ ထားတော့။

ပြီးခဲ့သည့် စစ်အစိုးရကတော့ အရက်ကို အတော်သုံးတတ်သည်။ ၂၀၀၇ ရွှေဝါရောင်တွင် လက်အောက်ရှိစစ်သားများကို အရက်ထဲတွင် ဘာဆေးထည့်တိုက်သည်မသိ၊ မျက်လုံးများ သရဲသဘက်ပမာ နီရဲပြီး ဘုရားမှန်းမသိ၊ သံဃာမှန်းမသိ၊ ကျောင်းသားလူငယ်များကိုလည်း သားသမီးချင်းကိုယ်ချင်းမစာ အသိစိတ်ပျောက်ပြီး ရက်စက်နိုင်စွမ်း ရှိအောင် သုံးတတ်ခဲ့ပါသည်။

ချုံ့၍ ဆိုရပါလျှင်

နဂိုက စိတ်မြန်ကိုယ်မြန် ဒေါသကြီးသည့်လူမျိုးဟာ အသိစိတ်ပျောက်သည့် အရက်ကိုသောက်ပြီး၊ လူအများကို ဒုက္ခပေးနိုင်သည့် ကား(သို့) စက်သုံးယာဉ်ကို မောင်းသောအခါ........

ကျနော်တို့ ကျနော်တို့ရဲ့ဘဝကို တပါးသူ၏ တာဝန်မဲ့ ပေါ့ဆမှုကြောင့် ဆုံးရှုံးခံရမည်လား၊ ခံသင့်သည်လား။ ကျနော့်အား မှီခိုနေရသူများ ရှိပါသည်။ ထိုသူများအား ကျနော့်လို ထိုသူက လုပ်ကိုင်ကျွေးမွေးမည်လား၊ ကျွေးမွေးခဲ့လျှင်လည်း ကျနော့်ရဲ့ကလေးတွေကို ဘယ်လိုလမ်းပြမှုမျိုးနဲ့၊ ဘယ်လို ကြီးပြင်းစေမှာလဲ။ ကျူးလွန်သူရဲ့ မိသားစုဘဝရော..? ဒါပါပဲ။

တာဝန်မဲ့သူကို အရင်းစစ်ရင် တရားခံဟာ၊ တာဝန်ရှိသူပါပဲ။

တာဝန်ရှိသူကိုယ်တိုင်ကိုက အသက်(၂၁)နှစ်မပြည့်ပဲ အရက်သောက်တာကို မတားမြစ်ရင်၊ (အသက်မပြည့်သူကို အရက်ရောင်းတဲ့သူကို အရေးယူပါ။ **တိုင်းပြည်၏အနာဂတ် ပညာသင်ရမည့်အရွယ်ဖြစ်၍ အလေးထားသင့်။** အဆိုပါ အရက်ရောင်းချသူ၏ ရဲစခန်းမှတ်တမ်းတွင် အဆိုပါပြစ်မှုကျူးလွန်ခဲ့ကြောင်း မှတ်တမ်းတင်ထားပါ။)

အရက်သောက်ပြီး ဘတ်စ်ကား၊ ကြားကား၊ ကိုယ်ပိုင်ကား မောင်းတာကို မတားမြစ်ရင်၊ (အများပြည်သူစီးနင်းလိုက်ပါသော ဘတ်စ်ကား၊ ကြားကား၏ ဒရိုင်ဘာများ အရက်သောက်ခြင်းကို လုံးဝ တားမြစ်ပါ။ ကိုယ်ပိုင်ကား ဒရိုင်ဘာများအား သွေးထဲတွင် အရက်ပါဝင်မှုနှုန်းတိုင်းကရိယာဖြင့် စစ်ဆေး အရေးယူပါ။)

ကျူးလွန်သူသည် ငါ့အဖေ၊ ငါ့ဦးလေး၊ ငါက ဘာကြီး၊ ညာကြီးဆိုသည့် အာဏာအလွဲသုံးစားပြုမှုများ ရှောင်ရှားရမည့်အပြင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကလည်း အကျင့်ပျက် လာဘ်စားမှုအား ရှောင်ရှားရပါမည်။

အများပြည်သူထိခိုက်နစ်နာစေနိုင်သည့်ကိစ္စဖြစ်၍ ဥပဒေအတိုင်း ပြည့်စုံတိကျစွာ၊ ပြဌာန်း၊ လိုက်နာ အရေးယူ ဆောင်ရွက်သင့်ပါကြောင်း...ဖြင့် ကိုယ့်လူမျိုးအကြောင်း ကိုယ်ပေါင်ကိုယ်လှန်ထောင်း၍ ရေးသားအပ်ပါသည်။

မောင်ပွကြီး (ရွှေဝါရောင်)

No comments: