Monday, February 11, 2013

ခရိုနီ

မြန်မာနိုင်ငံသို့ ရောက်လျှင်၊ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်လေ့ရှိသည့်၊ ခြောက်ထပ်ကြီးဘုရားကို ဖူးမျှော်ရင်း၊ အလှူရှင် ဆာဘိုးသာ၏ ကျေးဇူးကို အောက်မေ့မိသည်။

တခါနှစ်တုန်းက အင်္ဂလန်ရှိ ဘီအိုစီကုမ္ပဏီမှ အစုရှယ်ယာရှင် ဆာဂျေအေမောင်ကြီး၏ သေတမ်းစာအရ၊ မြန်မာနိုင်ငံရှိ ဗုဒ္ဓသာသနိကအဆောက်အဦများနှင့် ရဟန်းသံဃာတော်များ၏ ပရိယတ္တိစာသင်တိုက်များသို့၊ နှစ်စဉ် လှူဘွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းသည်ကို ဖတ်လိုက်ရ၍ သာဓ...ုအနုမောဒနာ ခေါ်ဆိုမိသည်။

(မြန်မာလူမျိုး ဆာဂျေအေမောင်ကြီး ကွယ်လွန်သွားတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး၊ ဗြိတိသျှပိုင် ဘီအိုစီရေနံကုမ္ပဏီ၏ အကျိုးစီးပွားများ မြန်မာနိုင်တွင် မရှိတော့သော်လည်း နိုင်ငံကြီးသားတို့၏ ဂတိနှင့် အာမခံချက်မှာ လုပ်ရပ်နှင့်အတူ တည်မြဲနေသည်ကို အတုယူဖွယ်ရာ ဖြစ်သည်။ ကျနော်တို့ဆီမှာတော့ ဈေးကွက်ဖွင့်စ နိုင်ငံခြားအာမခံကုမ္ပဏီများ ဝင်ရောက်လာချိန်မှာ၊ ကမ်းဝေးသွားသင်္ဘောကို အာမခံထားပြီးတာနဲ့၊ သိပ်မကြာဘူး ကိုယ့်ဘာသာကိုယ် မြှုပ်ပစ်ပြီး၊ အာမခံကုမ္ပဏီမှာ လျော်ကြေးတောင်းပါရောလား။ စိတ်ထားချင်းကွာကြပုံကို ပြောပါတယ်။)

ဆိုလိုတာက ဆာဘိုးသာ၊ ဆာဂျေအေမောင်ကြီးတို့သည် ဗြိတိသျှအုပ်ချုပ်စဉ်ကာလက၊ အာဏာပိုင် ဗြိတိသျှအစိုးရနှင့်အတူ ပူးပေါင်းစီးပွားရေးလုပ်ခဲ့သူများဖြစ်ပြီး၊ ထိုခေတ်က နံမည်ပေးကင်ပွန်းတပ်ဆရာများ မရှိသေးခဲ့သည်မှာ တေဇ၊ ဇော်ဇော်တို့ထက် ကံကောင်းလှပါသည်။

ဖြတ်သန်းလာခဲ့သော အတွေ့အကြုံအရ မြန်မာနိုင်ငံရှိလူများသည် အူမတောင့်မှ သီလစောင့်နိုင်မည်ဆိုသော စိတ် ရှိကြသည်။ ထို့ထက်မြင့်လာလျှင် အူမ မတောင့်လည်း၊ သီလစောင့်မည်။ ထို့ထက် မြင့်လာလျှင်တော့ သီလစောင့်မှ အူမ တောင့်မည်ပေါ့။

သိက္ခာကို တန်ဘိုးထားတတ်သည့်၊ အလုပ်ကို အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်သည့်၊ စီမံခန့်ခွဲအုပ်ချုပ်မှု ကောင်းသည့်၊ အကျင့်ပျက်လာဘ်စားမှု မရှိသည့်၊ ဆင်ခြေမပေးတတ်သည့်၊ လိမ်လည်လှည့်ဖျားမှုမရှိပဲ သီလရှိသည့် စီးပွားရေးသမားဖြစ်၍ အုပ်ချုပ်သူအစိုးရနား၊ ကပ်နေနိုင်ခြင်းသာ။ သီလမရှိရင်တော့ ခြံရှေ့က စောင့်နေတဲ့ ဒရဝမ်ရဲ့ အနားတောင် ကပ်လို့မရပဲ သူ့ရဲ့ ဆဲဆိုခြင်းပဲ ခံရမှာပေါ့ဗျာ။ ( ဗြိတိသျှအစိုးရလက်ထက် ဆာဘိုးသာ၊ ဆာဦးသွင်၊ ဆာဂျေအေမောင်ကြီးတို့လည်း၊ ဤလိုအတိုင်းပင်။)

အဲဒီတော့ ကမ္ဘာပေါ်ရှိနိုင်ငံအားလုံး ချမ်းသာသူ ၂၀၊ ဆင်းရဲသူ ၈၀ ရှိကြတာချည်းပါပဲ။ အဲဒီမှာ ဆင်းရဲသားလူများစုတွေရဲ့အကြိုက်ကို တွင်တွင်ပြောပြီး၊ တိုင်းပြည်ရဲ့ လူတော်၊ လူကောင်း လူမွန်တွေကို ပစ်မှတ်အဖြစ် လက်ညှိုးထိုးပြီး၊ ခရိုနီဆိုင်းဘုတ်ကပ်ခြင်းဟာဖြင့် အင်မတန် အောက်တန်းကျ လုပ်ရပ်အဖြစ်လို့ပဲ မြင်မိတယ်။

တယောက်က လူငါးသောင်းကို အလုပ်ပေး၊ လခပေး၊ အလုပ်သမား၊ အလုပ်ရှင် အစစအရာရာ စားဝတ်နေရေးလည်ပတ်ပြီး အဆင်ပြေနေချိန်မှာ၊ တယောက်ကတော့ လူတွေကို မစို့တပို့လေးပေးပြီး၊ ထောင်ထဲရောက်အောင် တွန်းပို့၊ လူတယောက်ကို အကောက်ကြံ၊ ဆိုင်းဘုတ်တပ် အပုတ်ချဖို့လောက်ပဲ လုပ်နေတာ တွေ့နေရပါတယ်။

ခုထိ အူမ တောင့်မှ၊ သီလစောင့်နိုင်မယ်ဆိုပြီး ဟစ်ကြွေးနေတုန်း။

No comments: