Monday, February 11, 2013

ယူကြအုံးမလား ဓါတ်ပုံ

" ကျနော်က ဘယ်သူ၊ ဘာလူမျိုးပါ။ သူကတော့ ဘယ်ဝါ၊ ဘယ်လူမျိုးပါ။ နောက်တယောက်ကတော့ ဘယ်ဒင်း၊ ဟိုဒင်းလူမျိုးပါ။ "

" ခင်ဗျားတို့က လူမျိုးခွဲခြားပြီး ပြောနေလိုက်တာ။ ကျနော်ကတော့ ခင်ဗျားတို့ ဘာလူမျိုးပဲ ဖြစ်ဖြစ်၊ လူကို လူလို့ပဲ မြင်တယ်။ ခွဲခြားပြီးမြင်ရအောင် ခင်ဗျားတို့က တမူထူးခြားပြီး၊ ဟိုဟာ ၂ခု အပိုပါလို့လားဗျ။ ကဲ.. ထားတော့။ ခင်ဗျားတို့က ခွဲခြားပြီးပြောမှ ကြိုက်တော့လည်း၊ ကျနော်လည်း ပြေ...ာတော့မယ်။ ကျနော်တို့ ဗမာမှာတော့ အေ၊ ဘီ၊ အေဘီ၊ အိုသွေးဆိုပြီး ၄မျိုး ရှိတယ်ဗျ။ ခွဲခြားတာ ကြိုက်တယ်ဆိုရင်တော့ ခင်ဗျားတို့ လူမျိုးရဲ့ သွေးကိုပြော။ ကျနော်ထဲပါရင် ဖောက်ထုတ်ပေးမယ်။ သွေးသန့်တာပေါ့ဗျာ.. နော။ "

" အင်း.. အဲ.. ဒါတော့ မဖြစ်နိုင်...အားလုံးက သွေးအတူတူပဲလေ... ဟိုဟာ.. စကားမတူတာလေ...အဲ.."
" စကားမတူတာတော့ ပြောမနေနဲ့ဗျို့၊ ချင်းပြည်နယ် သေးသေးလေးမှာတောင် ချင်းစကားကိုပဲ ၃၆မျိုး ကွဲတယ်။ ချင်းရွာထဲမှာ အိမ်ငါးလုံးပြည့်တိုင်း၊ စကား ငါးမျိုး ကွဲတယ်။ ခု ကျနော်နေထိုင်တဲ့ အမေရိကမှာ ကျနော်တို့နိုင်ငံက လာရောက်အခြေချတဲ့သူတွေထဲ၊ ကျနော်နဲ့ တွေ့သမျှ ကချင်ဆိုရင် စကား၎မျိုး၊ ကရင်ဆိုရင် ၃မျိုး၊ ချင်းဆိုရင် ၆မျိုး၊ မွန်၊ ကယား၊ ရှမ်း၊ ရခိုင်၊ ဗမာ စတာတွေ ကွဲတာနဲ့ဆိုရင် စကားအမျိုး ၂၀ လောက် ကွဲတယ်။

တနိုင်ငံတည်းကို စကားအမျိုး ၂၀လောက်ကွဲတာ၊ တကမ္ဘာလုံး လာရောက်အခြေချနေတဲ့ နိုင်ငံကြီးဖြစ်တော့ နိုင်ငံပေါင်း ၁၈၀နဲ့ ထပ်မြှောက်ကြည့်ပေါ့။ ဒါတောင် အမေရိကရဲ့ ဒေသခံလူမျိုးတွေ မပါသေးဘူး။ အခက်အခဲမရှိပါဘူး။ မြန်မာပြည်မှာ အများသုံး မြန်မာစကားပြောနေကြသလို၊ ဒီမှာလည်း အများသုံး အင်္ဂလိပ်စကားနဲ့ ပြောကြတာ အားလုံး အဆင်ပြေနေကြတာပဲ။ စကားမတူတိုင်း၊ ရိုးရာယဉ်ကျေးမှု မတူတိုင်း ခွဲကြမယ်၊ တိုက်ကြ၊ သတ်ကြမယ်ဟေ့ဆိုရင်တော့၊ (ရင်ဘတ်ကို လက်နှင့် ဖိပြီး) ... အမလေး.. သေပြီဆရာ။ "

(မှတ်ချက်။ ။ အမေရိကမှာ လူဆယ်ယောက်ဖြတ်သွားရင် စကားလဲ မတူ၊ ဆံပင်ပုံစံလည်း မတူ၊ ဆံပင်အရောင်လည်း မတူ၊ လူမျိုးလည်း မတူ၊ အဝတ်အစားလည်း မတူ၊ နိုင်ငံလည်း မတူ၊ စီးလာတဲ့ကားချင်းလည်း အရောင်၊ မော်ဒယ်ကအစ မတူ။)

" ဆက်ပြောပါအုံး ဦးလေး "

" ခု မြန်မာနိုင်ငံထဲမယ် ဖြစ်နေတာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ကျော်၊ ၃၀၀လောက်က ပဒေသရာဇ်ခေတ် မြို့ပြနိုင်ငံငယ်လေးတွေရဲ့ အတွေးအခေါ်လောက်ကိုပဲ၊ ရှေ့မတက်နိုင်ကြပဲ၊ ရူးသွပ်နေကြတာပါကွာ။ ခုခေတ်မှာ ကမ္ဘာကြီးဟာ ရွာဖြစ်နေပါပြီ။ မင်းတို့အတွက် အခက်အခဲဖြစ်နေတယ်ဆိုရင်လည်း ယူသွားကွာ။ ရော့.. ငါ့ဓါတ်ပုံ "

" ဘယ်နေရာမှာ ဘယ်လိုသုံးရမလဲ ဦးလေး "

" မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားရှိတဲ့ မြန်မာနိုင်ငံသားတယောက်ဟာ၊ မြန်မာတနိုင်ငံလုံးရဲ့ ဘယ်နေရာပဲဖြစ်ဖြစ်၊ အခြေစိုက်နေထိုင် လုပ်ကိုင် စားသောက်ခွင့် မရှိဘူးဆိုရင်၊ မင်းတို့ကို တားဆီးတဲ့လူကို၊ မင့်အဘက ရိုက်ခိုင်းလို့ဆိုပြီး၊ နားရင်းရိုက်လာခဲ့။
ရိုက်တာ မခံနိုင်လွန်းလို့၊ အဲဒီလူက အော်ဟစ်ငိုယိုပြီး၊ တောင်းတောင်းပန်ပန်နဲ့... ဘယ်က အဘလဲဗျာ လို့ မေးလာတဲ့အခါကျမှ... ငါ့ဓါတ်ပုံကို ပြလိုက်။ "

" တိန် "

No comments: