Tuesday, September 16, 2008

နိုင်ငံရေးလှုပ်ရှားမှုများနှင့် မပတ်သက်ရန် တပ်မတော်သားများကို ညွှန်ကြား


ဧရာဝတီ | စက်တင်ဘာ ၁၆၊ ၂၀၀၈

ရန်ကုန်တွင် နိုင်ငံရေးလှုပ်ရှားမှုများပေါ်ပေါက်လာအောင် စည်းရုံးလှုံ့ဆော်မှုများ ရှိနေသဖြင့် အဆိုပါ လှုပ်ရှားမှုများနှင့် မပတ်သက်ရန် မင်္ဂလာဒုံအခြေစိုက် တပ်ရင်းတပ်ဖွဲ့များကို ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

နိုင်ငံရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာပါက ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့က တာဝန်ယူ ဖြေရှင်းမည်ဟု အဆိုပါညွှန်ကြားချက်က ဆိုသည်။

တာဝန်အရ တပ်ပြင်ထွက်ခြင်းမှလွဲ၍ ကျန်အင်အားများကို တပ်တွင်း၌သာ အသင့်စုဖွဲ့ထားရန်ကိုလည်း လွန်ခဲ့သည့် လကုန် ပိုင်းကထုတ်ပြန်သည့် အဆိုပါညွှန်ကြားချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ညွှန်ကြားချက်ပါ အကြောင်းအရာများကို တိကျစွာလိုက်နာဆောင်ရွက်နိုင်ရန်အတွက် တပ်ရင်း/ တပ်ဖွဲ့မှူးများမှ အောက်ခြေ အဆင့်ဆင့် သိရှိနားလည်အောင် ဆောင်ရွက်ရန်လည်း ညွှန်ကြားထားသည်။

လွန်ခဲ့သည့်လကစ၍ ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် စစ်အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင်များကို မကြုံစဖူး တိုးချဲ့ တပ်ဖြန့် ထားပြီး ဒီမိုကရေစီရေးလှုပ်ရှားသူ အများအပြားကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

“ဒီလပိုင်းတွေက လှုပ်ရှားမှုတွေဖြစ်မှာစိုးလို့ ... ဘုန်းကြီးတွေ လမ်းပေါ်ထပ်ထွက်လာမှာကို အရမ်းကြောက်နေတာ” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

နေပြည်တော်ရှိ စစ်ရုံးမှ တပ်မိသားစုဝင်အသီးသီး၏ မှတ်ပုံတင်ကတ်ပြားများကို ယခုလဆန်းကတည်းက တပ်မှူးများက သိမ်းဆည်းထားပြီး ခရီးထွက်ခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု စစ်တပ်မိသားစုဝင်တဦးက ဧရာဝတီကို ပြောသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များဦးဆောင်သည့် မေတ္တာပို့ ဆန္ဒပြပွဲများ မြန်မာနိုင်ငံ တ၀န်း ပေါ်ပေါက်ခဲ့ပြီး အာဏာပိုင်တို့က ၎င်းလှုပ်ရှားမှုများကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့သည်။

No comments: