Tuesday, September 16, 2008

စစ်အာဏာပိုင်များက လုံခြုံရေးတင်းကျပ်မှုများ ပိုမိုပြုလုပ်၊ ဖမ်းဆီးမှုများလည်း ဆက်ရှိ


အေးလဲ့ | စက်တင်ဘာ ၁၆၊ ၂၀၀၈

စစ်အစိုးရက ယခုစက်တင်ဘာလအတွင်း မြန်မာနိုင်ငံရှိ ထင်ရှားသည့်မြို့ကြီးများနှင့် ဘုန်းကြီးကျောင်းများ တွင် လုံခြုံရေး အထူးတင်းကျပ်ထားပြီး သံဃာ့တပ်ပေါင်းစု အဖွဲ့မှ ဦးဆောင် ဆရာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရ၏ မိသားစုဝင်များနှင့် ဆက်စပ်ပတ်သက်သူများကို ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း၌ ည ၁၁ နာရီနောက်ပိုင်း လုံခြုံရေးကားများလှည့်နေပြီး စားသောက်ဆိုင်၊ လက်ဘက်ရည် ဆိုင်များလည်း ပိတ်သိမ်းရသည် ဟု မြို့ခံတဦးက ပြောသည်။

“ည ၁၁နာရီနောက်ပိုင်းဆိုရင် ရန်ကုန်မြို့ က တိတ်ဆိတ်နေတာပဲ၊ ၁၁နာရီနောက်ပိုင်းမှာ ကင်းလှည့်နေတဲ့ ရဲကားတွေနဲ့ ခွေးဟောင်သံပဲကြားရတယ်၊ လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်တွေက လည်း ၁၁နာရီ နောက်ပိုင်း ပိတ်ရတယ်၊ ၁၁နာရီ အပြင်ထွက်တဲ့ လူငယ်တွေကို ပေါ်တာဆွဲတယ်လို့လည်းကြားတယ်၊ စက်တင်ဘာလဆန်း ၅ရက်နေ့မတိုင်ကတည်းက အိမ်တိုင်းကို ဧည့်စာရင်းစစ်တယ်၊ ခုနောက်ပိုင်းရက်တွေမှာ လုံခြုံရေးပိုပိုပြီး တင်းကျပ်လာတယ်၊ ၁၁နာရီကျော်တာနဲ့ လုံခြုံရေးကားတွေ တညလုံးပတ်နေတယ်” ဟု ရန်ကုန် မြို့ခံ ကပြောသည်။

အာဏာပိုင်များက ဘုန်းကြီးကျောင်းများသို့လည်း သွားရောက်ပြီး ည ၉ နာရီမှ နံနက် ၄နာရီ အတွင်း အပြင် မထွက်ရ၊ သတင်းထူးလျှင် သတင်းပို့ရန် လျှောက်ထားကြောင်းနှင့် ဘုန်းကြီးကျောင်းများအနီးတွင်လည်း လုံခြုံရေးအထူး ချထား ကြောင်းသိရသည်။

စက်တင်ဘာလ ၁၁ရက်နေ့တွင်လည်း အာဏာပိုင်များက မိထ္ထိလာမြို့နယ် စက်မှုဇုန် မှ အရှင်ဂမ္ဘီရ၏ညီ ကိုအောင်ကိုကိုလွင် နှင့်ဇနီးကိုမေးစရာရှိ၍ဟုဆိုကာ ကိုခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ကိုအောင်ကိုကို လွင်၏ဇနီးကို အခွင့်မရဘဲ မည့်သည့် နေရာမှမသွားရန်ပြောဆို၍ ပြန်လွှတ်လိုက်ကြောင်းကို မိထ္ထိလာ အန်အယ်လ်ဒီ အဖွဲ့ဝင် မမြင့်မြင့်စန်း က ပြောသည်။

ကိုအောင်ကိုကိုလွင် နှင့်အတူ မိထ္ထိလာမြို့နယ် ရိုးကန်ကျေးရွာမှ ကိုစိုးလွင်နှင့် ရဲညွန့် ၊ ရှမ်းတဲ၊ ဇောင်ချမ်း ကုန်း မှ အမည် မသိ နှစ်ဦးစီနှင့် ဝမ်းတွင်းမြို့နယ် လျှော်ပင်ကျေးရွာမှ နှစ်ဦး တို့ ဖမ်းဆီး ခံထားရသည်ဟု လည်း ဆိုသည်။

စက်တင်ဘာလ ၉ရက်နေ့တွင်လည်း ရန်ကုန်မြို့ရှိ အရှင်ဂမ္ဘီရ၏ညီမ မခင်သူဌေး၏ ခင်ပွန်းဖြစ်သူ ကိုမိုးထက် လျှံ အပါအဝင် သူ၏ မိတ်ဆွေများဖြစ်သော ကိုမျိုးဇက်၊ ကိုသူရ၊ ကိုကုလား၊ ရဲကိုကို တို့ ဖမ်းဆီးခံခဲ့ရ ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဦးတိတ်နိုင်ကလည်း ပြောသည်။

အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာလ ၄ ရက်နေ့ ၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားမဝင်အဖွဲ့ အစည်း နှင့် ဆက်သွယ်မှု၊ အီလက်ထရွန်းနစ် ဥပဒေ၊ လူထုကို အထိတ် တလန့်ဖြစ်စေမှု၊ ဘာသာသာသနာ ညှိုးနွမ်းစေသည့် ပုဒ်မ ၂၉၅ (က)၊ အရေးပေါ် စီမံချက်အက်ဥပဒေ ၅ (ည)၊ အသင်းအဖွဲ့ ပုဒ်မ (၆)၊ လဝက ဥပဒေ ၁၃/၁၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ လူ ၅ ဦး ထက်ပိုစုစည်းမှု၊ တရားမ၀င် ပုံနှိပ် ထုတ်ဝေမှု ၁၇/၂၀ စသည့် ပုဒ်မများဖြင့် စွဲဆိုထားကြောင်း သိရသည်။

တချိန်တည်းတွင် မန္တလေးတိုင်းရှိ ဘုန်းကြီးကျောင်းများ၊ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် တောင်ကုတ်မြို့နယ် ရှိ ဘုန်းကြီး ကျောင်းများ၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းပခုက္ကူ မြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင်လည်း လုံခြုံ ရေး အထူးတင်းကျပ်ကာ အဏာပိုင်များက စောင့်ကြည့်နေကြောင်းသိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပုသိမ်ကျောင်၊ နန္ဒာရာမကျောင်း၊ စိတ္တသုခ ကျောင်းများတွင် လုံးခြုံရေးများ အထူးချထား ကြောင်း၊ ညအချိန်တွင်လည်း ဘုန်ကြီးကျောင်းဝန်းတွင်း သံဃာတော်များကို ရှိမရှိ စစ်ဆေး ရှာဖွေမှု များပြုလုပ်ကြောင်း ပုသိမ်ကျောင်းမှ သံဃာတော်တပါးကပြောသည်။

၂၀၀၇ခုနှစ်စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ထောင် ၇ နှစ်ခွဲ ချခံထားရသည့် ရခိုင်ပြည်နယ် သံဃာ့တပ် ပေါင်းစု ဥက္ကဌ အရှင် ဣန္ဒိယ သည် စစ်တွေထောင်မှ ဘူးသီးတောင် ထောင်သို့ ရွေ့ပြောင်းခံရပြီး နောက် သွေးတိုးရောဂါ ခံစားနေရပြီး ကျန်မားရေး ဆိုးရွားနေသော် လည်း ဆေးကုသခွင့် မရကြောင်း သိရ သည်။

ပဲခူးတိုင်းရှိ မွန်ဘုန်ကြီးကျောင်းများတွင်လည်း လုံးခြုံရေးအထူးတိုးချဲ့ထားပြီး ညအိပ် ဧည့်သည် စာရင်းများ ကို ဒေသ ဆိုင်ရာအာဏာပိုင်များထံသတင်းပို့ရ သည်ဟုလည်း ဒေသခံ တဦးကပြောသည်။

ပြီးခဲ့သည့်နှစ် ၂၀၀၇ခုနှစ်တွင် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ မေတ္တာပို့ရွတ်ဆို လမ်းလျှောက် သည့် သံဃာတော် အပါး ၅၀၀ ခန့်ကို စစ်တပ်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသောကြောင့် သံဃာတော် ၁၀ ပါးခန့် ဖမ်းဆီးခံခဲ့ရပြီး သံဃာ တချို့ပြင်းထန်စွာ ဒဏ်ရာရကာ သံဃာတပါး ရိုက်နှက် ခံရသည့်ဒဏ်ရာဖြင့် ဆေးရုံတင်ခဲ့ရသည်။

No comments: