Monday, October 6, 2008
၈၈ကျောင်းသား နီလာသိန်းတို့ ရုံးထုတ်၊ ကိုအောင်သူ မူးလဲ
အေးနိုင်၊ အောက်တိုဘာ ၆၊ ၂၀၀၈၊
ဖမ်းဆီးချုပ်နှောင်ထားသည့် ၈၈ မျိုးဆက်ကျောင်းသားများကို သင်္ကန်းကျွန်းမြို့နယ် တရားရုံး၊ အင်းစိန်ထောင် သီးသန့်တရားရုံးတွင် ယနေ့ ရုံးထုတ်သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှ ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများကို နံနက် ၉ နာရီခွဲတွင် ထမင်းကျွေးပြီး ရုံးထုတ်လာသော်လည်း နေ့ခင်း ၂ နာရီခွဲအချိန်အထိ တရားခွင်မစသေးဘဲ တရားရုံးအတွင်း ထိုင်ခိုင်းထားသည်။ တရားသူကြီးသည် စောစောရောက်နေသော်လည်း တရားခွင်ကို တက်ရောက်ခြင်းမရှိသကဲ့သို့ မည်သည့်အကြောင်းပြချက်မှ မပေးဘဲ ကျောင်းသားခေါင်းဆောင်များကို တရားခွင်ထဲတွင် ဒီအတိုင်းထားသည်ဟု ဆိုသည်။
ထောင်ဆေးရုံတက်နေရသည့် ၈၈ ကျောင်းသား ကိုအောင်သူသည် တရားရုံးအတွင်းမှာပင် သွေးတိုးပြီး မူးလဲသလို ဖြစ်သွားသောကြောင့် ဆရာဝန်ကို လှမ်းခေါ်ခဲ့ရသည်။ ၂ နာရီမိနစ် ၄ဝ ခန့်မှ ဆရာဝန်ရောက်လာပြီး ကိုအောင်သူကို ထောင်ဆေးရုံသို့ ပြန်ခေါ်သွားသည်။ ထောင်ကိုရောက်သည့် အချိန်မှစပြီး ကိုအောင်သူသည် ခန္ဓာကိုယ် ညာဘက်ခြမ်းနှင့် ညာဘက်ခြေတို့ ပိန်လိုက်လာခဲ့ခြင်းဖြစ်သည်။
တရားခွင်သို့ မိသားစုများ တက်ရောက်နားထောင်ခြင်းသည် အမှု ကြန့်ကြာစေသည်ဟု အထက်မှ အမိန့် လာသည့်အတွက် မိသားစုဝင်များကို နားထောင်ခွင့် မပေးတော့ကြောင်း ထောင်အာဏာပိုင်များက ကျောင်းသားခေါင်းဆောင်များကို ယနေ့နံနက်တွင် ပြောသည်ဟု သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကျောင်းသားများက မိသားစုဝင်များ တက်ရောက်နားထောင်ခွင့်ကို ယခင်ကအတိုင်း ခွင့်ပေးရန် တရားသူကြီးကို တင်ပြကြရာ တရားသူကြီးက သူ့မှာ သက်သေလာရင် သူစစ်ရမယ်၊ သူ့အနေနဲ့ဧည့်သည်တွေ့တဲ့ ကိစ္စ သူနဲ့ မဆိုင်ဘူးဟု ပြန်ပြောသည်။
ယနေ့တွင် သင်္ကန်းကျွန်း၊ မြို့နယ်တရားရုံးအနေနှင့် နိုင်ငံခြားငွေပုဒ်မ ၂၄ -၁၊ ရုပ်မြင်သံကြားနှင့် ဗွီဒီယို အက် ၃၁/၃၆ တို့ကို စစ်ရန် ရုံးထုတ်လာခြင်း ဖြစ်သော်လည်း မစစ်ဖြစ်ဘဲ မနက်ဖြန်နှင့် သောကြာနေ့သို့ ရုံးပြန်ချိန်းလိုက်သည်။
တရားခွင်ကို တက်ခွင့်မရဘဲ ပိတ်ပင်ခံရသည့်အပေါ် ၈၈ မျိုးဆက် ကျောင်းသားများ၏ မိသားစုဝင် များက မကျေနပ်ဖြစ်နေကြပြီး ထောင်ပြင်တွင် တနေကုန် စုရုံးလျက်ရှိနေကြသည်။ တရားသူကြီးအနေဖြင့် မိသားစုဝင်များ တရားခွင်တွင် နားထောင်ခွင့်အမိန့်ချထားပေးပြီး ဖြစ်နေသောကြောင့် ယခုကဲ့သို့ ပြန်ရုပ်သိမ်းသည့်ကိစ္စကို သက်ဆိုင်ရာအား စာရေးသား တောင်းဆိုမည်ဟု မိသားစုဝင်များအကြား ပြောဆိုနေကြသည်။
အလားတူပင် မကြာသေးခင်ကမှ ဖမ်းမိသွားသည့် မနီလာသိန်းနှင့် မမာမာဦးတို့ နှစ်ဦးကိုလည်း အင်းစိန်ထောင် အထူးသီးသန့်တရားရုံး၌ ယနေ့ ရုံးထုတ်လာပြီး တရားလိုဘက်မှ ရုံးချိန်း တောင်းသည်။ မနီလာသိန်းနှင့် မမာမာဦးတို့ နှစ်ဦးကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၂၅ ဦးအမှုတွဲနှင့် တွဲ မတွဲ နောက် ရုံးချိန်းများတွင် သိရှိရမည်ဖြစ်သည်။
လာမည့်အင်္ဂါနှင့် သောကြာကိုလည်း ရုံးချိန်းသတ်မှတ်ထားသည်။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment