Monday, October 6, 2008

မစိုးရိမ်တိုက် သံဃာတော်များ လေဘေးပြန်လည်ထူထောင်ရေး လုပ်ဦးမည်


Print E-mail
ဇာနည်
တနင်္လာနေ့၊ အောက်တိုဘာလ 06 2008 19:47 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၀ါကျွတ်သည်နှင့် နာဂစ်ဒဏ်သင့် ဒေသများမှ ကလေးငယ်များ ပညာရေးအတွက် အကူအညီ အထောက်အပံ့ပေးရေးလုပ်ငန်းများကို မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော်များက ပြန်လည်လုပ်ဆောင်သွားမည် ဖြစ်သည်။

မုန်တိုင်းကျပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို ပါဝင်လုပ်ဆောင်ခဲ့သော မစိုးရိမ်မှ သံဃာတော်များသည် ၀ါတွင်းကာလဖြစ်သဖြင့် လုပ်ငန်းများကို ခေတ္တ ရပ်နားထားရာမှ ယခုလ ၁၄ ရက်တွင် ကျရောက်မည့် သီတင်းကျွတ်နောက်ပိုင်းတွင် ပြန်လည် လုပ်ဆောင်သွားမှာဖြစ်သည်။

"သီတင်းကျွတ်ပြီးတာနဲ့ ကယ်ဆယ်ရေးတွေ ပြန်စမယ်။ အခု အဲဒီအတွက် အလှူတွေ လိုက်ကောက်နေတယ်။ ဘယ်နေရာကို ဘယ်လို၊ ဘာတွေ သွားလုပ်ပေးမယ် ဆိုတာတော့ ဆွေးနွေးနေကြတုန်းပဲ" ဟု မစိုးရိမ်ကျောင်းတိုက် သံဃာတော်တပါးက မဇ္ဈိမကို မိန့်သည်။

ယခုတခေါက် ကယ်ဆယ်ရေး လုပ်ငန်းများတွင် မုန်တိုင်းသင့် ကျောင်းသားလူငယ်များ၏ ပညာရေးအတွက် လိုအပ်ချက်များ ဖြည့်ဆီးပေးရန် အဓိကထား လုပ်ဆောင်သွားမည် ဖြစ်သည်။

လေဘေးသင့် ကျောင်းသားလူငယ်များ၏ ပညာရေးအတွက် စာရေးကိရိယာများ အပါအ၀င် ပညာရေး လိုအပ်ချက်များ ရှိနေသည်ဟု ကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင်လုပ်ခဲ့သူ ဆရာတော်တပါးက ယခုလို မိန့်ကြားသည်။

ဆရာတော် "ကိုယ်တိုင် သွားခဲ့တဲ့အခါမှာ ဦးဇင်းတို့ တွေ့ရတာက တချို့ရွာတွေက ကျောင်းတွေမှာ ကလေးတွေက ဗလာစာအုပ်လေး တအုပ်ထဲမှာ ဘာသာရပ် ၃-၄ ခု ရောပြီး ရေးကြရတယ်။ တချို့ ကျောင်းတွေမှာက စာအုပ်က မရှိတော့ ကျောက်သင်ပုန်းမှာ ဆရာက ရေးတာကိုပဲ လိုက်ပြီး အလွတ်ရွတ်နေရတယ်။ အဆင်မပြေကြဘူး" ဟု ဆရာတော်က မိန့်ကြားသည်။

မစိုးရိမ်အနေဖြင့် ခဲတံ၊ ခဲဖျက်၊ ပေတံ အချို့နှင့် ဗလာစာအုပ် ဒါဇင် ၅၀၀ ကျော် ကောက်ခံ ရထားသလို၊ အခြား အလှူရှင်များ၊ အဖွဲ့အစည်းများ ရှိနေသော်လည်း အလှူရှင်များဘက်က ယခင်ကလို မလှူဒါန်းနိုင်သောကြောင့် လိုအပ်ချက်များ ရှိနေသည်။

"အလှူရှင်တွေက လှူကြပေမယ့် အခုတော့ အရင်ကလို မဟုတ်ဘူး။ မလှူနိုင်ကြတော့ဘူး။ အလှူရှင်တွေ ပင်ပန်းသွားတယ်ပေါ့" ဟု အဆိုပါ ဆရာတော်က မိန့်ကြားသည်။

ဆရာတော်က ဆက်ပြီး "မုန်တိုင်း မသင့်တဲ့ နေရာတွေက ကျောင်းသားလေးတွေက သူတို့ တနှစ်စာ သုံးမယ့်ထဲက စာအုပ်လေး တအုပ်ဖြစ်ဖြစ် စုပြီးတော့ လိုအပ်နေတဲ့ သူလေးတွေကို ဂရုဏာထားပြီး လှူမယ်ဆိုရင် သိပ်ကောင်းမှာပါ။ လှူတဲ့သူလည်း မပင်ပန်းဘူး။ ရတဲ့သူလည်း လုံလုံလောက်လောက် သုံးနိုင်လိမ့်မယ်။ ဒီလိုလှူဒါန်းတာတွေကနေ နောင် ဒီကလေးတွေ ကြီးလာတော့ ကိုယ်ချင်းစာတရားတွေ ရှိတဲ့၊ မြင့်မြတ်တဲ့ လူကြီးတွေ ဖြစ်လာစေချင်တယ်" ဟု မိန့်ကြားသွားသည်။

မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော်များအနေဖြင့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ၁၀ ရက်ခန့်မှ စတင်ကာ ဧရာဝတီတိုင်း ဖျာပုံ၊ လပွတ္တာနှင့် ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အ၀တ်အစားနှင့် စားနပ်ရိက္ခာများကို ၀ါဝင်သည့် အချိန်အထိ ဖြန့်ဝေပေးခဲ့ရာ ကျပ်သိန်းပေါင်း ၅၀၀ ကျော်ခန့် လှူဒါန်းခဲ့ပြီး ဖြစ်သည်။

နာဂစ်မုန်တိုင်းကြောင့် အပျက်အစီးများ သတင်းကို ကြားရသည့် အချိန်မှစ၍ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များသည် မန္တလေး မြို့အတွင်း ကားများဖြင့်လှည့်လည်ကာ အလှူခံခြင်းများ ပြုလုပ်ခဲ့သည်။

“တပည့်တကာတွေက လာလှူတာတွေကို ဦးဇင်းတို့က ဦးဆောင်ပြီးတော့ ကြပ်မတ်လှူပေးတယ်လေ။ လိုအပ်တဲ့သူတွေဆီကို သေချာ ရောက်တာပေါ့။ တကာတွေကလည်း ဦးဇင်းတို့နဲ့အတူ ကူညီကြပါတယ်” ဟု မစိုးရိမ်တိုက်မှ ဆရာတော်က မိန့်ကြားသည်။

အလှူရှင်များ အနေဖြင့်လည်း ဆရာတော် သံဃာတော်များ အလှူခံခြင်းဖြစ်၍ ပိုမို လှူဒါန်းကြပြီး ပြန်လည်ဖြန့်ဝေခဲ့ရာတွင်လည်း သံဃာတော်များက ဦးဆောင်သောကြောင့် ပိုမိုထိရောက် စနစ်ကျ မျှတသည်ဟု ဆရာတော်က မိန့်ကြားသည်။

မန္တလေး မဟာဂန္ဓာရုံကျောင်းတိုက်မှ သံဃာတော်များသည်လည်း နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြပြီး ကယ်ဆယ်ရေး လုပ်ငန်းများ မပြီးပြတ်ပါက ၀ါတွင်းကာလအတွင်းတွင် မိမိတို့ ရောက်ရာအရပ်မှ ကျောင်းများတွင်ပင် ၀ါဆိုရန် ပြင်ဆင်ခဲ့ကြသေးသည်။

ထင်ရှားသော သီတဂူဆရာတော် အရှင်ဥာဏ်ဏိဿရ၏ ဦးဆောင်မှုအောက်တွင်လည်း ကမ္ဘာအနှံ့မှ ဗုဒ္ဓဘာသာဝင်များ၏ စိတ်ပါဝင်စား လှူဒါန်းမှုများ ရှိနေသည်။ ဆရာတော် ကိုယ်တိုင်သည်လည်း လေဘေးသင့်ဒေသများတွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဦးဆောင်လုပ်ကိုင်ခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းရှိ သာဓု ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်ပညာသီဟ (ရွှေည၀ါ ဆရာတော်) သည်လည်း ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့် ဒေသများသို့ ကိုယ်တိုင် ကြွရောက်ကာ တပည့်သံဃာနှင့် အရပ်သား ၁၀၀ ခန့်တို့နှင့် ကယ်ဆယ်ရေး အကူပစ္စည်းများ သွားရောက် ပေးလှူခြင်း၊ ရေသန့်ရရှိရေးနှင့် အခြားဝေယျဝစ္စ လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ မရှင်းလင်းရသေးသော လေဘေးဒဏ်သင့် ရုပ်အလောင်း များကို ရှင်းလင်းဖယ်ရှား သဂြုင်္ိဟ်ပေးခြင်းနှင့် မကျွတ်မလွတ်သေးသည့် မုန်တိုင်းအတွင်း သေဆုံးခဲ့သူများအတွက် အမျှအတန်း ပေးခြင်းများကို လုပ်ဆောင်ပေးခဲ့သည်။

ဆရာတော် သံဃာတော်များ၏ စည်းရုံးလှုံ့ဆော်မှုများကြောင့် စေတနာဆရာဝန်များ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်လာပြီး ကျန်းမာရေးမှူးအဆင့်သာ ရှိသော ရွာများသို့ လိုက်လံ ဆေးကုသပေးနိုင်ခဲ့သည်။ ဆေးရုံများသို့ ဆေးနှင့် ဆေးပစ္စည်းများ ပေးလှူနိုင်ခြင်းများအထိ လုပ်ဆောင်နိုင်ခဲ့သည်။

No comments: