Thursday, October 30, 2008

ကလေးစစ်သားကို မိဘထံ ပြန်အပ်ရန် စစ်တပ်က ငြင်းဆန်

သဲသဲ
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 29 2008 18:50 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စစ်မှုထမ်းနေသော အရွယ် မရောက်သေးသော စစ်သားငယ်တဦးကို အုပ်ထိန်းသူများက ပြန်လည်ခေါ်ယူရန် ကြိုးစားသော်လည်း တပ်အရာရှိများက တားဆီး ပိတ်ပင်လိုက်သည်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖဒိုမြို့နေ ကလေးစစ်သားလေးသည် အသက်မပြည့်သေးကြောင်း မွေးစာရင်း၊ ကျောင်းတက်လက်မှတ်များ ပြသကာ အမဖြစ်သူနှင့် ပြန်လည် အပ်နှံပါရန် ၀န်းသိုမြို့အနီးရှိ လေ့ကျင့်ရေးတပ်တွင် အောက်တိုဘာ ၁၈ ရက်နေ့က တောင်းယူသော်လည်း စစ်တပ်က ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။

"ကျမ အဲဒီကို ရောက်သွားတော့ တပ်က အရာခံဗိုလ်တယောက်ရယ်၊ တပ်ကြပ်တယောက်ရယ် တွေ့ရပါတယ်။ သူတို့ ဘာပြောလဲဆိုတော့ ကလေးကို လာခေါ်တာလား၊ ပြန်ခေါ်လို့ မရဘူး၊ သင်တန်းကာလက ၄ လခွဲ တက်ရမှာ၊ အခု ၃ လ ရှိပြီဆိုတော့ ခေါ်လို့ မရဘူးလို့ ပြောတယ်" ဟု အမဖြစ်သူ မတင်ဌေးက ပြောသည်။

"ကလေးက မနေချင်ဘူး။ ပြန်လိုက်ချင်တယ်။ ဒါပေမဲ့ သူက မထွက်ပြေးရဲဘူးတဲ့။ ထွက်ပြေးရင်လည်း လိပ်စာအတိအကျ ပေးထားလို့ အိမ်လိုက်လာပြီး ခေါ်လိမ့်မယ်တဲ့။ လမ်းမှာ မိရင်လည်း သေအောင် ရိုက်မှာပဲတဲ့။ သူ ကြောက်တယ်လို့ ပြောပါတယ်။ သူတို့ (စစ်အာဏာပိုင်များ) ကလည်း လုံးဝ ပြန်ထည့်မပေးနိုင်ဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် ကျမတို့ သူ့ကို ထားခဲ့ရတယ်"

မတင်ဌေးသည် မောင်ဖြစ်သူကို မလှမ်းမကမ်းမှ စောင့်ကြည့်နေသည့် တပ်သားများ ရှေ့တွင် တနာရီနီးပါးကြာ စကားပြောခွင့် ရရှိခဲ့သည်။

စစ်သားငယ်သည် အသက် ၁၈ နှစ် မပြည့်သေးကြောင်း ပြသရန်အတွက် ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း ထောက်ခံချက်နှင့် ကျောင်းသား မှန်ကန်ကြောင်း ထောက်ခံစာနှင့် ကျောင်းမှ ကျောင်းအုပ်ကြီး၏ ထောက်ခံစာတို့လည်း တင်ပြခဲ့သည်။

ဇွန်လ ၂၀ ရက်နေ့က အသက် ၁၅ နှစ်အရွယ် ကျောင်းသားလေးသည် မိဘနှင့် စိတ်ဆိုးကာ အိမ်မှ ထွက်သွားခဲ့သည်။ လေးလခန့်ကြာ သတင်းပျောက်ဆုံးနေပြီးမှ စစ်ကိုင်းတိုင်း ၀န်းသိုမြို့နယ် အရာတော်ရွာအနီးရှိ လေ့ကျင့်ရေးတပ် ၁၁၁ တွင် လေ့ကျင့်ရေး တပ်သားအဖြစ် ရှိနေကြောင်း သိရှိခဲ့ကြသည်။ မိဘများသည် တောင်သူများဖြစ်ပြီး မိခင်ကို စိတ်ကောက်၍ နေအိမ်မှ ထွက်သွားခြင်း ဖြစ်သည်။

ယခုအခါ မိသားစုဝင်များက ပဲခူးမြို့ရှိ လမ်းပြကြယ်အဖွဲ့မှ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအေးမြင့်ကို အကူအညီတောင်းခံကာ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) ထံ တိုင်တန်းမှု ပြုလုပ်မည် ဖြစ်သည်။

ဦးအေးမြင့်ကလည်း ''တိုင်တန်းမှုတွေကို ဆောင်ရွက်ပေးသွားမှာပါ။ အားလုံး အသင့်ရေးပြီးပြီ။ မနက်ဖြန်ကို (ILO) ရုံး သွားမယ်" ဟု ယမန်နေ့က ဆက်သွယ်မေးမြန်းမှုတွင် ပြောပြခဲ့သည်။

လမ်းပြကြယ်အဖွဲ့သည် ဒေသတွင်းရှိ အာဏာပိုင်များက လယ်ယာမြေများ သိမ်းယူမှုများ၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများအား လိုက်လံ ဖြေရှင်းပေးသလို၊ ILO အကူအညီကို ဆက်လက် တောင်းခံခြင်းဖြင့် ကလေးစစ်သား ၁၅ ဦးကို စစ်တပ်တွင်းမှ ပြန်လည် ထုတ်ယူနိုင်ခဲ့သည်ဟု ဦးအေးမြင့်က ပြောဆိုသည်။

No comments: