နယူးဒေလီ။ ။ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအား ထောင်ဝင်စာတွေ့ခွင့်နှင့် ထောင်တွင်း တရားရုံးများတွင် တက်ရောက်နားထောင်ခွင့်များကို ယမန်နေ့က စတင်ကာ ကန့်သတ်လိုက်သည်။၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရွှေဝါရောင် သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအား ယခင်က ထောင်ဝင်စာကို တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ခွင့်ပြုခဲ့သော်လည်း ယခုအခါ စနေနှင့် တနင်္ဂနွေသို့ ပြောင်းလဲလိုက်သလို၊ ထောင်တရားရုံးများတွင် အမှုစစ်ဆေးရာတွင်လည်း နားထောင်ခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဗဟိုတရားရုံးချုပ်ရှေ့နေများက ပြောဆိုကြခြင်း ဖြစ်သည်။
“ဟုတ်ပါတယ်။ သောကြာနေ့ အင်းစိန်ထောင် အမှုစစ်ဆေးပြီး ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ ထွက်လာတော့ ထောင် အဝင်၊ အထွက် စစ်ဆေးတဲ့ ဂိတ်က တာဝန်ကျ အရာရှိ တယောက်က မိသားစုဝင်တွေကို ပြောလိုက်တာ။ အထက်က ညွှန်ကြားထားတယ်လို့ ပြောတယ်။ အကျဉ်းဦးစီးပဲ ရှိတယ်” ဟု ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။
ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းကလည်း “တခြားအကျဉ်းသားတွေ ပါမပါတော့ မသိဘူး။ အင်းစိန်ထောင် အထူးတရားရုံးတွေမှာ စစ်ဆေးနေတဲ့ အမှုသည်တွေရဲ့ မိသားစုဝင်တွေ ပေးနားမထောင်တော့ဘူးလို့ ပြောသံကြားတယ်။ အများသဖြင့်တော့ အဲဒီမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ စစ်ဆေးလေ့ရှိတယ်လေ” ဟု ပြောသည်။
ယခုလို ကန့်သတ်ပိတ်ပင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးသော်လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှ အာဏာပိုင်များထံ ယခင် ရပိုင်ခွင့်များအတိုင်း ပြန်လည်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တဦးက ယခုလို ပြောသည်။
“မိသားစုဝင် အားလုံးက မကျေနပ်ကြဘူးခင်ဗျ။ လက်ခံစရာလည်း မရှိဘူး၊ ဒီလိုလုပ်တာကတော့။ ဘယ်သူပိတ်တာလဲဆိုတာ မသိရသေးတဲ့အတွက် တနင်္လာနေ့မှာ ထောင်ရှေ့မှာ ကျနော်တို့ မိသားစုဝင်တွေ သွားအရေးဆိုမယ်” ဟု သူက ပြောသည်။
ရှေ့နေ ဦးခင်မောင်ရှိန်က ဥပဒေအရ အများပြည်သူရှေ့ ပွင့်လင်းမြင်သာသည့် ရုံးတင်စစ်ဆေးမှုများ ရရှိရန် တောင်းဆိုခဲ့သည့်အတိုင်း အာဏာပိုင်များမှ တစိတ်တပိုင်း ခွင့်ပြုခဲ့သော်လည်း ယခုလို ပြန်လည် ရုပ်သိမ်းလိုက်သည့်အတွက် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအတွက် နောင်တွင် အမှုတွဲ အခြေအနေ အသေးစိတ် သိရှိရန် အခက်အခဲများ တွေ့လာနိုင်ကြောင်း ယခုလို ပြောဆိုသည်။
“မိသားစုတွေက အမှုကိစ္စတွေ နားထောင်ခွင့်ရတော့ အမှုတွဲအခြေအနေတွေ၊ အစွပ်စွဲခံရသူတွေရဲ့ တရားသူကြီးတွေက ချေပချက်တွေ အသေးစိတ် သိနေမယ်။ ပိတ်လိုက်တော့ နောက်ထပ် အမှုတွဲ တိုးတက်မှုတွေ မျက်ခြေပြတ်သွားမယ်၊ မိသားစုတွေက ဘယ်သိနိုင်တော့မလဲ” ဟု သူက ပြောသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁ဝဝ ကျော်ရှိကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - AAPP ၏ ထုတ်ပြန်ချက်တရပ်က ဆိုသည်။
ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် မြန်မာအာဏာပိုင်များက နိုင်ငံတဝှမ်း အကျဉ်းထောင်များရှိ အကျဉ်းသား ၉ဝဝ၂ ဦး လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား ၉ ဦးခန့်သာ ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် ကြာသပဒေးနေ့က ကမ္ဘာတဝှမ်းရှိ ထိန်းသိမ်းခံနေရသူများအတွက် ရည်ရွယ်ကျင်းပသည့် တရားမျှတမှုနှင့် ဂုဏ်သိက္ခာနေ့တွင် မကြာသေးခင်က အသစ်ခန့်အပ်လိုက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေးမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုခဲ့သေးသည်။ |
No comments:
Post a Comment