Sunday, October 5, 2008

သံလက်သီးအမှုတွင် ဖမ်းဆီးခံရသူ ၅ ဦး ပြန်လွတ်လာ


Print E-mail
သန်းထိုက်ဦး
စနေနေ့၊ အောက်တိုဘာလ 04 2008 18:06 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မန္တလေးတိုင်း မတ္တရာမြို့နယ် အန်အယ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင် အမှုတွဲဖြင့် တနှစ်ခန့် ပြစ်ဒဏ်ကျခံနေရသူ ၅ ဦးသည် ယမန်နေ့က အကျဉ်းထောင်များမှ ပြန်လွတ်လာပြီဖြစ်သည်။

အသက် ၇ဝ နှစ်အရွယ် မတ္တရာအမတ် ဦးသန်းလွင်အား သံလက်သီးနှင့်ထိုးသူကို ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးအတွင်း ရဲများနှင့် ဝင်ရောက်ရှာဖွေရန် ကြိုးပမ်းသည့်အခါ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက အသရေဖျက်မှုဖြင့် ပြန်တရားစွဲသဖြင့် ထောင်ဒဏ်ကျခံရသူ မြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးခင်မောင်သန်း၏ သား ကိုညီညီ၊ အတွင်းရေးမှူး ဦးကျော်ရွှေ၊ အဖွဲ့ဝင် ဦးသောင်းနိုင်၊ ဦးညိုလေးနှင့် ဦးသန်းလွင်၏ သားဖြစ်သူ ကိုဇော်မင်းလွင်အား စစ်ကိုင်းတိုင်း ခန္တီးမြို့၊ ကလေးမြို့နှင့် မန္တလေးတိုင်း မြင်းခြံထောင်တွင် တနှစ်ကြာ ချုပ်နှောင်ခဲ့ရာမှ ယမန်နေ့က လွတ်ရက်စေ့သဖြင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“အခု တနှစ်ပြည့်လို့ပါ။ ၁ဝ လပိုင်းက ထောင်ကျသွားတာ အခု ၁ဝ လပိုင်း ၃ ရက်နေ့ ပြန်လွတ်တာ။ သူတို့ အတူတူလွတ်တာ အားလုံး ၅ ယောက်။ မရောက်ကြသေးဘူး။ မြင်းခြံက နှစ်ယောက်ပဲ ရောက်သေးတယ်” ဟု အမည်မဖော်လိုသူ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

သူတို့အား ပုဒ်မ ၅ဝ၆ (အသရေဖျက်မှု) ဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့သော်လည်း မန္တလေးတိုင်း တရားရုံးတွင် အယူခံဝင်ရာတွင် မျက်မြင်သက်သေတဦးဖြစ်သူ ဦးညိုကြီးမှအပ တနှစ်အထိ ပြစ်ဒဏ်လျှော့ချခဲ့သည်။ ဦးညိုကြီးကမူ ယခုထိ ခန္တီးအကျဉ်းထောင်တွင် ကျခံနေရဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဇွန်လ ၁၅ ရက်နေ့က မန္တလေးတွင် ပြုလုပ်ခဲ့သော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲမှအပြန် အမည်မသိ လူတဦးက မတ္တရာအမတ် ဦးသန်းလွင်အား သံလက်သီးဖြင့် ထိုးကြိတ်ပြီးနောက် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးအတွင်း ဝင်ပြေးခဲ့သည်။

ဦးသန်းလွင်က မျက်မြင်သက်များနှင့်တကွ ရဲစခန်းသို့ သွားရောက်တိုင်ကြားသဖြင့် ရဲများက အရေးယူပေးမည်ဆိုကာ ကြံ့ဖွံ့ရုံးသို့ သွားရောက်ရာ ရုံးတံခါး ဖွင့်မပေးသည့်အပြင် မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူး ဦးကျော်မင်းက ပြန်လည် တရားစွဲဆိုခဲ့ရာမှ ထောင်ဒဏ်များ ကျခံခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဦးသန်းလွင်ကိုလည်း ခဏ မေးမြန်းစရာရှိသည်ဟုဆိုကာ အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ သူသည် သံလက်သီးနှင့် အထိုးခံရသဖြင့် နှာခေါင်းရိုး ကျိုးခဲ့သလို၊ ဘယ်ဘက်မျက်လုံးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ၁၄ ရက်ခန့်ကြာ ဆေးကုသခဲ့ရသည်။

သံလက်သီးသမားကိုမူ ရဲက ယခုအချိန်အထိ ရှာဖွေဖော်ထုတ် အရေးယူနိုင်ခြင်း မရှိသေးပါ။

No comments: