Friday, November 14, 2008

ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများတိုးချထား

မင်းနိုင်သူ / ၁၄ နိုဝင်ဘာ ၂၀၀၈


pakis
pakis

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားပြီး အထူးသဖြင့် ကမ္ဘာအေးဘုရားနှင့် တက္ကသိုလ်ရိပ်သာလမ်းတလျှောက်မှာ လုံခြုံရေး တင်းကျပ်ထားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများ၊ အန်အယ်လ်ဒီပါတီဝင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများအား ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ပြီးနောက် ဆူပူမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားချက်အရ လုံခြုံရေး ယူထားရခြင်းဖြစ်ကြောင်း ရဲအရာရှိတဦးက
ပြောကြားသည်။

သံဃာတော် အများအပြားရှိသည့် ကမ္ဘာအေးဘုရားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်ကို လုံခြုံရေး ပိုမိုတင်းကျပ်စွာ ချထားပြီး မြို့ထဲတွင်လည်း အရပ်ဝတ်လုံခြုံရေးများ ချထားကြောင်း သိရသည်။

“မနေ့ကတည်းက လုံခြုံရေးတွေရောက်လာပြီး ဘုရားဝင်းထဲရော၊ ကျောင်းတိုက်တွေ အနီးအနားမှာရော နေရာယူထားကြတာတွေ့တယ်။ စက်တင်ဘာနှစ်ပတ်လည်အပြီး
အခုချထားမှုက အများဆုံးပဲ” ဟု ကမ္ဘာအေးရှိ ကျောင်းတိုက်တခုမှ သံဃာတော်တပါးက
မိန့်ကြားသည်။

ရန်ကုန်တန်ဆောင်တိုင်ပွဲမှာလည်း ခါတိုင်းနှစ်များကဲ့သို့ စည်စည်ကားကား မရှိဘဲ ရန်ကုန် ရပ်ကွက်အတော်များများ တန်ဆောင်မုန်းလပြည့်ညမှာပင် မီးပျက်နေ သည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံများ စီးပွားရေးကျပ်တည်းကြသည့်အတွက် ခါတိုင်း တန်ဆောင်တိုင် စည်ကားနေကျ လှည်းတန်း၊ ကြည့်မြင်တိုင် စသည့်နေရာများတွင် မစည်ကားဘဲ ဖြစ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

No comments: