Friday, November 14, 2008

မြန်မာ့ တရားစီရင်ရေးစနစ် အပြစ်အနာအဆာရှိဟု ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ပြော

ဆော်လမွန်
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 11:05 - မြန်မာစံတော်ချိန်

နယူးဒေလီ
။ ။ အတိုက်အခံ ၃ဝ ကျော်ကို အင်္ဂါနေ့က နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည့် မြန်မာ့တရားစီရင်ရေး စနစ်သည် စစ်အစိုးရ၏ ခြယ်လှယ်ခြင်းကို ခံနေရပြီး၊ အပြစ်အနာအဆာများ ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက ပြောပါသည်။

"မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားစီရင်ရေးစနစ် မရှိပါဘူး" ဟု ယခု ရက်သတ္တပတ် အစောပိုင်းက အတိုက်အခံများကို ၆၅ နှစ်အထိ နှစ်ရှည် ထောင်ဒဏ်များ ပေးအပ်ခဲ့သည်ကို ရည်ညွှန်းကာ ကင်တားနားက မဇ္ဈိမသို့ အင်တာဗျူး ဖြေကြားရာတွင် ပြောဆိုသွားပါသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို စုံစမ်းစစ်ဆေးရန် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် မစ္စတာ ကင်တားနားက နိုင်ငံရေး လှုပ်ရှားသူများကို စစ်ဆေးပုံကို ကြည့်လျှင် "တရားမျှတသော တရားစီရင်ရေး ဟု မပြောနိုင်ကြောင်း" ပြောသွားပြီး၊ အစိုးရ အနေဖြင့် ဤသို့ အပြစ်ပေးမှုများကို ပြန်လည် စဉ်းစားသင့်ကြောင်းလည်း ပြောပါသည်။

မည်သို့ပင်ဖြစ်စေ၊ ဤသို့ ကုလ အထူးသံတမန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက နိုင်ငံရေး လှုပ်ရှားသူများအပေါ် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်နေသည်ကို ကန့်ကွက် ရှုတ်ချနေသော်လည်း ယနေ့ပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၁၁ ဦးကို ထောင်ဒဏ် ၇ နှစ်ခွဲစီ ထပ်မံ အပြစ်ပေးလိုက်ပြန်ပါသည်။

ယမန်နေ့ကပင် ကုလအထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ကြေငြာချက်တရပ် ထုတ်ပြန်ရာတွင် ဤသို့ ယမန်နှစ်က ဖြစ်ပွါးခဲ့သော ငြိမ်းချမ်းစွာ ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် နိုင်ငံရေး လှုပ်ရှားသူများကို အလွန်ပြင်းထန်သည့် ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် မစ္စတာ ဘန်ကီမွန်းအနေဖြင့် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်လျက်ရှိသည် ဟု ဖေါ်ပြ ရေးသားထားပါသည်။

"ဤနိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်နှင့် အားလုံး ပါဝင်နိုင်သော အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတရပ် အနေဖြင့် မြန်မာနိုင်ငံသား အားလုံးကို မိမိတို့ တိုင်းပြည်၏ နိုင်ငံရေး အနာဂါတ်အတွက် လွတ်လပ်စွာ ပါဝင် ဆောင်ရွက်ခွင့်ပေးရန် သူ (မစ္စတာဘန်ကီမွန်း) က ထပ်မံတောင်းဆိုပါသည်" ဟု ကြေငြာချက်တွင် ရေးသား ဖေါ်ပြထားပါသည်။

ကျင်းပရန် စီစဉ်ထားသည့် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံအားလုံးကို ကြိုတင် ရှင်းလင်းထားလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည်ဟု အတိုက်အခံ အဖွဲ့အစည်းများက ဝေဘန် ပြောဆိုနေကြသော ဤစစ်အစိုးရ၏ လုပ်ရပ်များကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ရှုတ်ချနေကြသည်ကို ယခု ဤစကားများဖြင့် မစ္စတာဘန်နှင့် မစ္စတာကင်တားနားတို့က လိုက်ပါ ထောက်ခံ ပြောဆိုလာကြခြင်း ဖြစ်ပါသည်။

ဤနိုင်ငံရေး တက်ကြွ လှုပ်ရှားသူများသည် မျှတသော တရားစီရင်ရေးကို မရရှိခဲ့ကြသဖြင့် သူတို့အား ဤသို့စီရင်ချက် ချထားခြင်းများကို ပြန်လည် စဉ်းစားသုံးသပ်ရန် မစ္စတာကင်တားနားက အလေးအနက်ပြု ပြောဆိုပါသည်။ ၂ဝဝ၉ ခုနှစ် မတ်လအတွင်း သွားရောက်ဖြစ်လိမ့်မည်ဟု သူမျှော်လင့်ထားသော ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဤလွတ်လပ်သော တရားစီရင်ရေးစနစ်နှင့် မျှတမှုရှိသော တရားရုံးများကိစ္စကို စုံစမ်းမေးမြန်းသွားမည်ဟု သူကပြောပါသည်။

"ကျနော်မြန်မာနိုင်ငံကို ၂ဝဝ၉ ခုနှစ် မတ်လ မတိုင်မီ နောက်တခေါက် ပြန်သွားနိုင်ဘို့ ကြိုးစားနေပါတယ်။ အဲဒီအခါ ကျရင် တရားစီရင်ရေးစနစ် အကြောင်းဟာ ကျနော် ဆွေးနွေး ပြောဆိုမှာတွေထဲက တခုဖြစ်မှာပါ" ဟု မစ္စတာ ကင်တားနားက မဇ္ဈိမ ကို ပြောပါသည်။

သြဂုတ်လအတွင်း ပထမအကြိမ် သွားရောက်ခဲ့စဉ်က လူ့အခွင့်အရေးဆိုင်ရာ အဓိကအချက် ၄ ချက်ကို စဉ်းစားပါရန် စစ်အစိုးရကို ကုလ အထူးကိုယ်စားလှယ်က အဆိုပြုခဲ့ပါသည်။ ယင်းအချက် ၄ ချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့် အပြည်ပြည်ဆိုင်ရာသို့ တာဝန်ရှိမှုများနှင့်အညီ အမျိုးသား ဥပဒေပြုရေးကို ပြန်လည်သုံးသပ်ရန်၊ နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန်၊ တပ်မတော်ကို ပြန်လည်သုံးသပ်ရန် နှင့် အာဏာကို မည်သို့ ကျင့်သုံးသည် ဆိုသည်ကို လေ့လာရန်တို့ ဖြစ်ပါသည်။

မစ္စတာကင်တားနား က "နောက်တကြိမ်သွားတဲ့အခါ ကျနော့် ရည်မှန်းချက် ပန်းတိုင်တွေထဲက တခုက ဒီလူ့အခွင့်အရေးဆိုင်ရာ အဓိကအချက်ကြီး ၄ ခုကို အကောင်အထည်ဖေါ်ဘို့ စစ်အစိုးရနဲ့ ဆက်သွယ်ရေး ထူထောင်ထားဘို့ပါဘဲ" ဟု ပြောပါသည်။

"မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ ကျနော်နဲ့ အခြား လူ့အခွင့်အရေး အေဂျင်စီတွေကို စိန်ခေါ်နေတဲ့ လုပ်ငန်းတာဝန်တရပ် ဖြစ်ပါတယ်" ဟု အဆိုပါ အထူးကိုယ်စားလှယ်က ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

No comments: