သန်းထိုက်ဦး |
အင်္ဂါနေ့၊ နိုဝင်ဘာလ 04 2008 17:44 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင် ၆ ဦးအား ထောင်ဒဏ်များ ချမှတ်ခြင်းနှင့် ပတ်သက်၍ မနက်ဖြန်တွင် တရားရုံး၌ အယူခံဝင်သွားရန် ရှေ့နေများက စီစဉ်နေသည်။ အောက်တိုဘာလ ၂၄ ရက်နေ့က မန္တလေးတိုင်း အမျိုးသမီးခေါင်းဆောင် ဒေါ်ဝင်းမြမြ အပါအ၀င် အန်အယ်ဒီ တိုင်းစည်းရုံးရေးအဖွဲ့ဝင် ၆ ဦးအား အိုးဘိုထောင်တွင်း တရားရုံးက ပြစ်ဒဏ်များ ချမှတ်ခဲ့သည့်အနက် အနည်းဆုံး ထောင်ဒဏ် ၈ နှစ် အချခံရသည့် အမှုတွဲများသည် ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် မကိုက်ညီသဖြင့် ယခုလ ၅ ရက်တွင် အယူခံတင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ''ဒီနေ့ အယူခံတင်ဖို့ စာရွက်စာတမ်းများနေလို့ ကျနော်တို့ ကွန်ပြူတာ ရိုက်နေတာနဲ့ ဒီနေ့တင်ဖို့ဟာ အဆင်မပြေ ဖြစ်နေတယ်။ မနက်ဖြန်ကျရင် မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်က ခရိုင်တရားရုံးကို အယူခံတင်ဖို့ စီစဉ်ထားပါတယ်'' ဟု ရှေ့နေ ဦးမြင့်သွင်က မဇ္ဈိမကို ပြောသည်။ ဒေါ်ဝင်းမြမြအား ထောင်ဒဏ် ၁၂ နှစ်၊ မန္တလေးတိုင်း ဒု - ဥက္ကဋ္ဌ ဦးသန်းလွင် (မတ္တရာအမတ်) အား ၈ နှစ်၊ ဦးကံထွန်း (တိုင်း အတွင်းရေးမှူး) အား ၁၂ နှစ်၊ ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်) အား ၂ နှစ်၊ ကိုမင်းသူ (မိုးကုတ်) အား ၁၃ နှစ်နှင့် ကိုဝင်းရွှေ (ကျောက်ပန်းတောင်း) အား ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သူတို့အား အစိုးရကို အကြည်ညို ပျက်စေရန် ပြောဆိုမှု - ပုဒ်မ ၅၀၅ (ခ)၊ ဘာသာ သာသနာအား အကြည်ညိုပျက်စေရန် လုပ်ဆောင်မှု - ပုဒ်မ ၁၉၅ (က)၊ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု - ပုဒ်မ ၁၄၇ စသဖြင့် အာဏာပိုင်များက စွဲချက်တင်ထားသည်။ ရှေ့နေဦးမြင့်သွင်က "ပြစ်ဒဏ် ချမှတ်ထားခြင်းက ဥပဒေအရ မှားယွင်းတယ်၊ စွပ်စွဲတဲ့ ပုဒ်မအရ မှားယွင်းတယ်၊ စွပ်စွဲတာလည်း တရားစွဲဆိုချက်အရ မှားယွင်းတယ်။ အဲဒီအတွက် ကျနော်တို့လူတွေကို အပြစ်မရှိတဲ့အတွက် လွှတ်ပေးသင့်တယ် ဆိုတဲ့အကြောင်း အယူခံတက်ရတာပါ။ တရားခံ ၆ ယောက်ရဲ့ ပြုမူလုပ်ဆောင်ချက်က စွပ်စွဲထားတဲ့ ပြစ်မှုတွေကို ကျူးလွန်တာ မဟုတ်ဘူး။ ပြုမူပြောဆိုချက်တွေက ပြစ်မှု မကျူးလွန်တဲ့အတွက် ရာဇ၀တ်မှု မမြောက်ဘူး။ မမြောက်တဲ့အတွက် လွှတ်ပေးရမယ်" ဟု ပြောသည်။ တရားရုံးထုတ်သည့်အခါ တဖက်သတ် သက်သေများ ထွက်ဆိုခဲ့သည့်အပေါ် တရားစီရင်ထုံးများနှင့် မကိုက်ညီကြောင်း ခိုင်မာသည့် အချက်များအား အယူခံလွှာများတွင် ထောက်ပြထားသည်ဟု သူက ယခုလို ပြောသည်။ "စွဲဆိုထားတဲ့ အမှုတွေက အသံဖမ်းစက်တွေနဲ့ ဖမ်းတယ်။ ပြီးမှ ထွက်ချက်တွေကို ပြန်ရေးတယ်။ ရေးပြီးတော့မှ ရုံတော်ရှေ့မှာ ထွက်တယ်။ ဒါတဆင့်ကြား သက်သေခံချက်ကို သက်သေခံ မ၀င်ဘူးလို့ ကျနော်တို့က ထောက်ပြရတယ်။ သက်သေခံ ဥပဒေ ပုဒ်မ ၆၀ အရ တဆင့်ကြား သက်သေခံစွဲတာ သက်သေခံ မ၀င်ကြောင်း ပြဌာန်းထားတာကို ထောက်ပြတယ်။ နောက် စီရင်ထုံးတွေ ရှိတယ်။ အဲလိုထောက်ပြပြီး အယူခံ တက်ရပါတယ်" ဟု သူက ရှင်းပြသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ၊ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားစဉ် သူတို့အားလုံး ဖမ်းဆီးခံခဲ့ရပြီး မန္တလေး အိုးဘိုထောင်တွင် အကျဉ်းချထားပြီးနောက် ထောင်တွင်းတရားရုံးက ၁၈ ကြိမ်မြောက် ရုံးထုတ်အခါ ပြစ်ဒဏ်များ ချခဲ့သည်။ ရှေ့နေဦးမြင့်သွင်က "အမှု စလိုက်ကတည်းကိုက နိုင်ငံရေးအရ စွပ်စွဲထားတဲ့အတွက် ဆင့်ကဲဆင့်ကဲ ပြစ်ဒဏ်ကျမယ်လို့ ကျနော်တို့ ဆွေးနွေးတယ်၊ ခန့်မှန်းတယ်။ ရှေ့ပိုင်း အတွေ့အကြုံတွေအရ လွှတ်လေ့လွှတ်ထ မရှိတဲ့အတွက် တရားခံတွေနဲ့ ကြိုပြီးတော့ အယူခံအတွက် ဆွေးနွေးပါတယ်။ သူတို့လုပ်ဆောင်ချက်က အမှန်တရားဖြစ်တယ်၊ အပြစ်မရှိပါဘူး" ဟု ပြောသည်။ ယခုအမှုကိစ္စအတွက် ဦးမြင့်သွင်နှင့်အတူ ဗဟိုတရားရုံးရှေ့နေ ဦးမျိုးဆွေနှင့် ဦးရွှေလှတို့လည်း လိုက်ပါဆောင်ရွက်နေသည်။ |
Wednesday, November 5, 2008
မန္တလေးတိုင်း အန်အယ်ဒီ ၆ ဦးအတွက် အယူခံဝင်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment